လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Wednesday, March 2, 2011

အဖိုးတန်မြေ( လှမြင့်ဆွေ)

တအမ်း(Ta-Ang)တို့၏ လက်ဖက်မြို့တော် ''နမ့်ဆန်'' ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ရှေးရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေထဲမှာ ကိုယ့်အိမ်ကို ဧည့်သည်လာရင် လက်ဖက်ရည်ကြမ်းတို့ လက်ဖက်ပွဲတို့နဲ့ ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံတတ်တဲ့ အလေ့အကျင့်ဟာ ယနေ့အထိ ကျေးလက် တောရွာကလေးတွေမှာ သာမက မြို့ကြီးပြကြီး တွေမှာလည်း ရှိနေဆဲဖြစ်ပါတယ်။ ဒီအပြင် ရဟန်းခံရှင်ပြု အလှူအတန်းပွဲကြီးတွေ၊ မင်္ဂလာဆောင်တွေ၊ ဧည့်ခံပွဲကြီးတွေမှာလည်း လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်ပွဲ တို့ကို ထည့်သွင်း ဧည့်ခံလေ့လည်း ရှိကြပါတယ်။ ရှေးယခင် ဖိတ်စာ ရယ်လို့မပေါ်ခင်တုန်းက ကိုယ့်အိမ်မှာအလှူအတန်းတွေလုပ်တော့မယ် ဆိုရင် ကိုယ်ဖိတ်လိုတဲ့မိတ်ဆွေအိမ်တွေကိုလက်ဖက်ပို့ပြီး အလှူလာရောက်ဖို့ ဖိတ်ကြ တယ်လို့ ရှေးလူကြီးတွေကပြောဖူးပါတယ်။ ဒီအပြင်အလှူနေ့ ရောက်ရင် လည်း ရွာထဲကအပျိုလူပျိုတွေဟာ ကိုယ့်အိမ်ကလက်ဖက်ပွဲ၊ ကွမ်းအစ်နဲ့ လက်ဖက်ရည်အချိုပွဲတွေကို အလှူအိမ်ယူသွားပြီး ကိုယ့်ပစ္စည်းနဲ့အလှူလာတဲ့ ဧည့်သည်တွေကိုဧည့်ခံပေးလျက်ရှိကြပါတယ်တဲ့....။ အဲဒီလို ဧည့်ခံပေးတာ ဟာလည်း အလှူ့ရှင်ကိုအလုပ်သက်သာအောင်တစ်ဖက် တစ်လမ်းကကူညီ ပေးကြတာမို့ တကယ်ချစ်စရာကောင်းတဲ့မြန်မာရိုးရာ ကျေးလက်ဓလေ့ထုံးစံ တွေပဲဖြစ်ပါတယ်။ ရှေးမြန်မာဘုရင်တွေလက်ထက်မှာလည်း ဘုရင်အပါးမှာ ခစားကြရ တဲ့ လက်ဖက်ရည်တော်သားများဟာ အလွန်သြဇာအာဏာရှိပြီး ဘုရင်ရဲ့ ဆုတော်လာဘ်တော်များ မကြာခဏချီးမြှင့်ခံရတယ်လို့ဆိုပါတယ်။ ဒီအပြင် ရှေးခတ်က မင်္ဂလာကိစ္စအတွက် မိန်းကလေးကိုသွားရောက်တောင်းရမ်း ရတဲ့အခါ လက်ဖက်ပွဲဆိုတာပါရပါတယ်။ လက်ဖက်ပွဲမပါရင် မိန်းကလေး ရှင်ဘက်က လက်မခံဘူးလို့လည်းသိရပါတယ်။ နောက်ဆုံးလက်ဖက်ဟာ ဘယ်လောက်ထိအရေးပါသလဲဆိုရင် ရိုးရာနတ်တွေ ပူဇော်ပသကြတဲ့ အုန်းပွဲ၊ ငှက်ပျောပွဲမှာတောင် လက်ဖက်ကိုမပါမနေထည့်သွင်းနေကြတာဟာ ဒီကနေ့ ထိတိုင်အောင်ပဲဖြစ်ပါတယ်။ အမှန်တော့ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ အိမ်တိုင်းလိုလိုမှာ လက်ဖက်ရည်ကြမ်းကို 'ရေ' အစားအမြဲသောက်သုံးကြပြီး လက်ဖက်ပွဲ ကိုလည်း 'သားရေစာ'အဖြစ် နှစ်နှစ်ခြိုက်ခြိုက်ထားရှိစားသုံးကြတာ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း မြန်မာလူမျိုးတွေက ''အသီးတွင်သရက်၊ အသားတွင် ဝက်၊ အရွက်တွင်လက်ဖက်''ရယ်လို့တင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လက်ဖက်စတင်စိုက်ပျိုးမှုသမိုင်းဟာ ရှမ်းပြည် နယ်မြောက်ပိုင်း၊ တောင်ပိုင်းဒေသ၊ နမ့်ဆန်မြို့က စတင်စိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းတရားကြီး ရှမ်းပြည်နယ်မြောက်ပိုင်းကို တိုင်းခမ်းလှည့်လည်စဉ်မှာ မာယာယုကျွန်းက နတ်များဆက်သလိုက်တဲ့ လက်ဖက်မျိုးစေ့ကို တောင်မရွာသူကြီး တအမ်း(ပလောင်)လူမျိုး 'တာငွန်' ဆိုတဲ့သူကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီရွာသူကြီး'တာငွန်'ဆိုသူက လွယ်ဆိုင် တောင်မှာ စတင်စိုက်ပျိုးခဲ့ရာက လက်ဖက်ပင်စိုက်ပျိုးမှု ဖြစ်ထွန်းကျယ်ပြန့် လာတာ ဖြစ်တယ်လို့ဆိုပါတယ်။ 'လက်ဖက်'လို့ အမည်တွင်ရခြင်းကလည်း အလောင်းစည်သူမင်းကပေးတဲ့မျိုးစေ့ ကို တအမ်း(ပလောင်)သူကြီး 'တာငွန်' ဆိုသူက လက်တစ်ဖက်နဲ့ခံယူတဲ့အတွက် 'လက်တစ်ဖက်ပင်'လို့ အစတုန်းက ခေါ်တွင်ခဲ့ပြီး ကာလရွေ့လျောရာမှ 'လက်ဖက်ပင်'ဖြစ်လာတယ်လို့ ဒေသခံ ရွာသားများက အယူရှိကြပါတယ်။ ဒါကြောင့်လည်းလွယ်ဆိုင် တောင်ဘုရားမှာ အလောင်းစည်သူမင်းကြီးက လက်ဖက်မျိုးစေ့ပေးနေပုံနဲ့ ရွာသူကြီးတာငွန်က လက်ခံနေပုံရုပ်ထုတွေကိုထုလုပ်ထားပါတယ်။ ''လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရမယ်။သမက် ကောင်းလိုချင်ရင် အလှောင်အလက်ကို ရွေးရမယ်''လို့ ရှေးစာဆိုရှိခဲ့ပါတယ်။ အမှန်တော့ လက်ဖက်ပင်ဟာ တောင်စွယ်တောင်တန်းဒေသ မှာသာထွက် ရှိတာမို့ တောင်ပေါ်ကို ဖြေးဖြေးချင်းတက်ပြီး တစ်ညွန့်စီတစ်ညွန့်စီသေချာစနစ် တကျခူးကာမှ အရသာရှိတဲ့ အညွန့်အဖူးလေးတွေကို ရတယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်...။ လက်ဖက်ပင်စိုက်ပျိုးမှုဟာ တောင်ပေါ်သားများရဲ့ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အနှစ်သက်ဆုံးလက်ဖက်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းဒေသ၊ ကျောက်မဲခရိုင်နမ့်ဆန်မြို့နယ်က အများဆုံးရရှိတာဖြစ်ပါတယ်။ နမ့်ဆန်မြို့နယ် ဟာ အလွန်မြင့်မားတဲ့တောင်တန်းကြီးတွေ၊ အလွန်နက်ရှိုင်းတဲ့ ချိုင့်ဝှမ်းကြီးတွေ နဲ့တည်ရှိပြီး မြေပြန့်လွင်ပြင်မရှိသလောက်အောင်နည်းပါးလှပါတယ်။ အမြင့် ပေ (၂၅ဝဝ)ကနေ အမြင့်ပေ(၇ဝဝဝ)အတွင်းမှာရှိတဲ့ တောင်ကုန်းတောင်တန်း တွေ ပေါများထူထပ်ပြီး နမ့်ဆန်မြို့ပင်လျင်ပင်လယ်ရေမျက်နှာပြင်အမြင့် (၅၃၃၂)ပေအမြင့်မှာတည်ရှိတာဖြစ်ပါတယ်။ ရာသီဥတုအနေနဲ့ကတော့ နှစ်စဉ်ဧပြီလလယ်လောက်ကနေ နိုဝင်ဘာလကုန်လောက်အထိ မိုးရွာသွန်း လေ့ရှိပြီး ပျှမ်းမျှမိုးရေချိန်ဟာ (၇ဝ)လက်မလောက်ရှိတယ်လို့ဆိုပါတယ်။ နမ့်ဆန်မြို့ဟာ မန္တလေးကနေ(၁၈၄)မိုင်ကွာဝေးပြီး လာရှိုးကနေ (၇၂)မိုင်ဝေးပါတယ်။ မြို့ချင်းဆက်လမ်းတွေကတော့ သီပေါ-နမ့်ဆန်လမ်းက (၄၉)မိုင်၊ နမ့်ဆန်-နမ္မတူက (၅ဝ)မိုင်နဲ့ နမ့်ဆန်-ကျောက်မဲက (၇၆)မိုင် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေဟာ သီပေါ-နမ့်ဆန်လမ်းကို အများဆုံး အသုံးပြုကြတာမို့ သီပေါကနေ နမ့်ဆန်ကိုသွားတာအဆင်ပြေဆုံးဖြစ်ပါတယ်။ နမ့်ဆန်မြို့နယ်ဟာ ကျွန်တော်တို့ တိုင်းရင်းသား 'ပလောင်'တွေ အများ ဆုံးနေထိုင်တဲ့ မြို့နယ်ဖြစ်ပါတယ်။ တစ်ခြားတိုင်းရင်းသားတွေအနေနဲ့ ရှမ်း၊ လီဆူး၊ ဗမာ၊ ကချင်နဲ့ကိုးကန့်တို့နေထိုင်ကြပြီး အများစုကဗုဒ္ဓဘာသာ ကိုးကွယ်ကြသူတွေဖြစ်ပါတယ်။ နမ့်ဆန်မြို့နယ်ထဲမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း (၇ဝ)ကျော်ရှိပြီး ဘုရားစေတီပေါင်း(၅ဝ)ဆူလောက်ရှိတယ်လို့ ဆိုပါ တယ်။ ထင်ရှားတဲ့တန်ခိုးကြီး ဘုရားတွေကတော့ သက္ကရာဇ်(၄၆၈)ခုနှစ်မှာ အလောင်းစည်သူမင်းတည်ခဲ့တဲ့တောင်မကျေးရွာအုပ်စုက 'လွယ်ဆိုင်ဘုရားကြီး' နဲ့သက္ကရာဇ်(၁၁၄၃)မှာအများပြည်သူတည်ခဲ့တဲ့ မန်ခိုက်ရပ်ကွက်က 'မဟာ မြတ်မုနိဘုရားကြီး'တို့ပဲ ဖြစ်ပါတယ်။ အမှန်တော့ 'ပလောင်'တွေဟာ မွန်ဂိုကုန်းပြင်မြင့်ကဆင်းသက်လာကြတဲ့ 'မွန်ခမာ'အုပ်စုဝင်တွေပဲ ဖြစ်ပါတယ်။ 'တအမ်း'ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်က တော့ 'မတ်စောက်တဲ့တောင်ပေါ်မှာနေတဲ့လူမျိုး'လို့ အဓိပ္ပါယ်ရတာဖြစ်ပါတယ်။ ရှမ်းဘာသာလိုတော့ 'ကွန်းလွယ်'လို့ခေါ်ကြပါတယ်။ ကွန်းက 'လူ'လို့ အဓိပ္ပါယ် ရပြီးလွယ်ကတော့ 'တောင်'လို့အဓိပ္ပါယ်ရတာမို့ 'တောင်ပေါ်မှာ နေတဲ့လူမျိုး' လို့ပြောတာဖြစ်ပါတယ်။တရုတ်ဘာသာလိုတော့ 'ပုံလုံ'လို့ခေါ်ပြီး 'ပုံ'က 'လူ'၊ 'လုံ' က 'နဂါး' ဖြစ်တာမို့ 'နဂါးလူမျိုး'လို့ ခေါ်တာဖြစ်ပါတယ်။ မြန်မာတွေက အဲဒီတရုတ် ဘာသာစကား'ပုံလုံ'လို့ခေါ်ရာမှ ကာလရွေ့လျားပြီး'ပလောင်'လို့ ပြောင်းလဲသက်ဆင်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနောက်ပိုင်းမှာ ရှမ်းပြည် နယ်တောင်ပိုင်းက လူမျိုးတွေကို 'ငွေပလောင်'လို့ခေါ်ပြီး အဲဒီရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်နယ်ကလူမျိုးတွေကို 'ရွှေပလောင်'လို့ ခေါ်ကြပြန်ပါတယ်။ ဒါပေမဲ့ ပလောင်တိုင်းရင်းသားအားလုံးကတော့ ရွှေပလောင်၊ ငွေပလောင်ရယ်လို့ မခွဲခြားတော့ပဲ 'တအမ်း' (Ta-Ang) လို့ပဲ သတ်မှတ်လိုက်တာမို့ နောင်ကို 'ပလောင်'အစား'တအမ်း'လို့ပဲသုံးနှုန်းကြရမှာဖြစ်ပါတယ်။ လက်ဖက်ပင်စိုက်ပျိုးနည်းဟာ မျိုးစေ့ကျဲပြီး ပျိုးထောင်ရတာဖြစ်ပါတယ်။ နမ့်ဆန်နယ်မှာတော့ မြေကြီးကိုပေါက်ပြီးကျင်းထဲကို လက်ဖက်စေ့ထည့်၍ မြေဖုံးကာစိုက်ပျိုးရတာဖြစ်ပါတယ်။ ပျိုးပင်လေးတွေထွက်လာတဲ့အခါ ဆီးနှင်း ဒဏ်ကိုခံနိုင်ဖို့ အကာအကွယ်တစ်ခုခုနဲ့ဖုံးအုပ်ထားရပါတယ်။ ပျိုးပင်လေးတွေ ထွက်လာတဲ့အခါ စိုက်ပျိုးထားတဲ့အပင်ပတ်လည်ကို ပေါင်းမြက်တွေမရှိစေဖို့ လည်းရှင်းလင်းထားရပါတယ်။ ဒီအပြင် လက်ဖက်ပင်တွေအကြား မြေဖွပေးဖို့ အရေးကြီးတဲ့အတွက် တစ်နှစ်ကိုတစ်ကြိမ်၊ နှစ်ကြိမ်လောက် တူးဆွပေးရပါ တယ်။ သုံးနှစ်လောက်ကြာတဲ့အခါ ပျိုးပင်ကိုရွေ့ပြောင်းစိုက်ပြီးနှစ်နှစ်၊ သုံးနှစ် လောက်နဲ့ ရွက်နုတွေကိုစပြီးခူးနိုင်တာဖြစ်ပါတယ်။ လက်ဖက်ခူးတဲ့ အချိန်က တော့ တပေါင်း၊ တန်ခူး (March, April) လတွေပဲဖြစ်ပါတယ်။ အဲဒီအချိန်ခူးတဲ့ အရွက်တွေဟာ ရွက်နုချိန်ဖြစ်တဲ့အတွက် အကောင်းဆုံးဖြစ်ပြီး 'ရွှေဖီမိုးလွတ်' လို့ ခေါ်ကြပါတယ်။ သင်္ကြန်မိုးတစ်ကြိမ်နှစ်ကြိမ်ရွာပြီးတဲ့အခါ မိုးရေကြောင့် ရွက်နုတွေသန်လာပြီး အရွက်တွေကြီးလာပါတယ်။ အဲဒီအချိန်ခူးတဲ့ လက်ဖက် ကို လက်ဖက်စို၊ လက်ဖက်ခြောက်ပြုလုပ်ရင် အရောင်အဆင်းလှပမှုအားနည်း တတ်တယ်လို့ဆိုပါတယ်။နွေရာသီမှာခူးတဲ့အရွက်ကို နွေရွက်ဒါမှမဟုတ် 'ရွှေဖီ' လက်ဖက်၊ မိုးရာသီမှာ ခူးတဲ့အရွက်ကို မိုးရွက်၊ ဒါမှမဟုတ် 'ရွှေဖီလား' လက်ဖက်၊ မိုးလယ်ရာသီမှာ ခူးတဲ့အရွက်ကို 'ခါးကန်'လက်ဖက်၊ မိုးနှောင်း ရာသီမှာခူးတဲ့အရွက်ကို 'နှင်းသက်'လက်ဖက်လို့ခေါ်ကြပါတယ်။ ခူးတဲ့လက်ဖက်ရွက်နုတွေကို ပေါင်း၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ နယ်ပြီးနေပူလှန်းရပါတယ်။ အချို့ကတော့ လှော်ပြီးအညိုးခံကာနယ်၍ နေပူလှန်းကြပါတယ်။ ပေါင်းပြီးမှ လှန်းတဲ့လက်ဖက်ဟာ အကောင်းဆုံးဖြစ်ပြီး၊ ပြုတ်ခြင်း၊ လှော်ခြင်းနဲ့လှန်းတဲ့လက်ဖက်ဟာ အရသာအနည်းငယ်ပေါ့ တယ် လို့ဆိုပါတယ်။ လက်ဖက်အချိုခြောက်လုပ်ငန်းကတော့ အရင်တုန်းက ရွက်စိမ်းလက်ဖက်တွေကို အမှုန့်ဖြစ်သွားဖို့ခြေနင်းစုံနဲ့ထောင်းကြတာ ဖြစ်ပေမဲ့ ဒီကနေ့ခေတ်မှာတော့ ကြိတ်စက်တွေ၊ ဖြတ်စက်တွေနဲ့ အမှုန့်ကြိတ်ပြီး အခြောက်ခံစက်နဲ့ အခြောက်လှော်ကြတာဖြစ်ပါတယ်။ လက်ဖက်စိုလုပ်တာ ကတော့ ခူးပြီးတဲ့လက်ဖက်ရွက်နုတွေကို ပေါင်းအိုးနဲ့ပေါင်းပြီးနွမ်းအိ လာတဲ့ အခါကျမှ လက်နဲ့နယ်ရပါတယ်။ ဒီလို လက်နဲ့အရည်ထွက်သွားအောင် ညှစ်ထုတ်နိုင်မှ အဖန်ဓါတ်၊ အခါးဓါတ်တွေကုန်သွားတာဖြစ်ပြီး ပုပ်ထဲ၊ ခြင်းထဲမှာ လေအုံအောင်သိပ်ထားရပါတယ်။ အဲဒီလို သိပ်ထားတဲ့အချိန်မှာလည်း ကျန်သေးတဲ့လက်ဖက်အရည်တွေကုန်စင်သွားအောင် အလွန်လေးလံတဲ့ ကျောက်တုံးတွေနဲ့ ဖိထားရတယ်လို့ ဆိုပါတယ်။ နမ့်ဆန်တောင်ပိုင်းဒေသ တစ်ခုလုံးဟာ လက်ဖက်ကို အများဆုံးစိုက်ပျိုးကြတာဖြစ်ပြီး အဲဒီ ဒေသ မှာရှိတဲ့ ကွမ်ဟယ်၊ ဇယန်း၊ တောင်မ၊ ဟူမိုင်းလက်ဖက်များကတော့ နာမည်ကြီးလက်ဖက်များဖြစ်ကြပါတယ်။ ပလောင်တိုင်းရင်းသားတွေဟာဘီစီ(၁ဝဝ)၊ သာသနာတော်နှစ်(၄၅ဝ) လောက်မှာ မွန်ဂိုကုန်းပြင်မြင့်ကနေ မြန်မာနိုင်ငံထဲကို လမ်းကြောင်း သုံးကြောင်းနဲ့ ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ သရေခေတ္တရာပြည်ကြီး ပျက်သုန်းခါနီးအချိန်လောက်ကဖြစ်ပါတယ်။ အဲဒီလို လမ်းကြောင်း သုံးကြောင်းခွဲပြီး မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာရာမှာ အရှေ့ဘက်လမ်းကြောင်းက ဝင်လာတဲ့သူတွေဟာ သံလွင်မြစ်ကနေ မဲခေါင် မြစ်၊ အဲဒီကမှ ယိုးဒယားနယ်ကိုရောက်လာတာဖြစ်ပါတယ်။ ဒုတိယ လမ်းကြောင်းကတော့ ဧရာဝတီမြစ်ကြောင်းကနေ ဗန်းမော်၊ အဲဒီကမှ အရှေ့ဘက် တရုတ်မြန်မာ နယ်စပ်အတိုင်း နမ့်ခမ်းကိုရောက်တဲ့အခါ ရွှေလီ မြစ်နားက 'ကျယ်လန်' (စယ်လန်)မှာ အခြေစိုက်ကြပါတယ်။ ရှမ်းလို 'စယ်' ကိုအရပ်၊ 'လန်'ကိုတစ်သန်းလို့ခေါ်တာမို့ 'လူဦးရေတစ်သန်းနေတဲ့နေရာ'လို့ ဆိုပါတယ်။ အဲဒီကမှတဆင့် ဒုဌဝတီမြစ်၊ မြစ်ငယ်၊ နမ့်တူမြစ်ကြောင်းအတိုင်း ဆင်းလာကြပြီး 'ရွှေစကားမြို့'လို့ အဓိပ္ပါယ်ရတဲ့ 'ဝိန်းတွန်စံ' အဲဒီကမှ ဒီကနေ့ ကျွန်တော်တို့သိထားတဲ့ 'နမ့်ဆန်'မြို့ကို စတင်တည်ထောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း ဝင်လာတဲ့အဖွဲ့တွေထဲက အချို့အချို့ဟာ ကိုယ့်အုပ်စု၊ ကိုယ့်အကြီးအကဲနဲ့ နယ်စပ်တစ်လျှောက် ရပ်ရွာတည်ထောင်ပြီး ရေကြည်ရာ မြက်နုရာနေခဲ့ကြ သလို အချို့အဖွဲ့တွေကလည်း မဲခေါင်မြစ်ဝှမ်း၊ ဇင်းမယ်နယ်မှာ အချိန်တော်တော်ကြာအခြေစိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ပုဂံခေတ်အစလောက်မှာတော့ ဇင်းမယ်ဘက်ကနေ ရှမ်းပြည်နယ်တောင်ပိုင်း ကိုဖြတ်ပြီး ပြန်တက်လာ ကြရာမှာ အချို့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကျန်ရစ်ခဲ့ပြန်ပါတယ်။ အဲဒီအဖွဲ့တွေကို 'တောင်မ' လူမျိုး (ကွန်ဂျွန်း)လို့ ခေါ်ပါတယ်။ 'ကွန်'ဆိုတာ လူမျိုးဖြစ်ပြီး 'ဂျွန်း' ဆိုတာက 'ယွန်း'ကို ဆိုလိုတာမို့ ယွန်းပြည်က လာတဲ့လူမျိုးလို့ခေါ်တာဖြစ်ပါတယ်။ ဒီတိုင်းရင်းသားတွေဟာ အုပ်ချုပ်ရေးရာမှာ မျိုးနွယ်စု အကြီးအကဲတွေက သာလျင် အစဉ်အဆက်ဆင့်ကဲဆင့်ကဲ အုပ်ချုပ်တဲ့ စံနစ်ကိုကျင့်သုံးတာမို့အကြီးအကဲ စော်ဘွားကြီးတွေရယ်လို့ဖြစ်လာတာဖြစ်ပါတယ်။ နမ့်ဆန်မြို့ တောင်ပိုင် (Taung Peng) ကို (၁၈၆၇)ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ စော်ဘွားကြီး စဝ်ခွန်မိန်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စော်ဘွား (၇)ဆက် အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးစော်ဘွားကြီးကတော့ တောင်ပိုင်းနယ်စော်ဘွားကြီး 'စဝ်ခွန်ပန်းစိန်'ဖြစ်ပြီး (၁၉၅၉)ခုနှစ်မှာ နိုင်ငံတွင်းမှာရှိတဲ့စော်ဘွားကြီးများ အားလုံး အာဏာစွန့်ရာမှာ အာဏာစွန့်ခဲ့သူဖြစ်ပြီးသူနေထိုင်ခဲ့တဲ့ နမ့်ဆန်မြို့ ပေါ်က 'ဟော်နန်း'ကိုလည်း အများပြည်သူအသုံးပြုဖို့အတွက် 'မြို့နယ်ဆေးရုံ' အဖြစ် သူ့မိသားစုက လှူဒါန်းခဲ့တာဖြစ်ပါတယ်။ စော်ဘွားကြီး 'စဝ်ခွန်ပန်းစိန်' ဟာ (၁၉၄၇)ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ လွတ်လပ်တဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖြစ်မြောက်ရေး အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပင်လုံစာချုပ်ကိုချုပ်ဆိုရာမှာ တောင်တန်းသားများရဲ့ခေါင်းဆောင်နဲ့ ရှမ်းပြည်နယ်စော်ဘွားများ ကောင်စီ ဥက္ကဌအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သူဖြစ်ပြီး နိုင်ငံတော်ကချီးမြှင့်တဲ့ 'မဟာသရေစည်သူ'ဘွဲ့ကိုရရှိခဲ့သူဖြစ်ပါတယ်။ ပလောင်တိုင်းရင်းသားတွေဟာမြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၊ရှမ်းပြည်နယ် အတွင်း နေရာဒေသအနှံ့အပြားမှာ နေထိုင်လျက်ရှိကြတာဖြစ်ပါတယ်။ သူတို့ ဟာ ရေမြေတောတောင်သဘာဝရာသီဥတုအရသော် လည်းကောင်း၊ ပတ်ဝန်း ကျင် အခြားသောတိုင်းရင်းသားများနဲ့ သဟဇာတ ဖြစ်စေရေးအတွက်လည်း ကောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ လူနေမှုအဆင့်အတန်း၊ အတွေး အခေါ်ကွဲပြားခြားနားလာတဲ့အတွက်ကြောင့် လည်းကောင်း၊ စီးပွားရေး အသက် မွေးဝမ်းမှုကိုလိုက်၍လည်းကောင်း၊ ဝတ်စားဆင်ယင်မှုမှာ အနည်းငယ်စီ ကွဲပြား ခြားနားလာကြတာဖြစ်ပါတယ်။ စော်ဘွားကြီးဟော်နန်းစိုက်ရာ နမ့်ဆန်တစ်ဝိုက် မှာနေထိုင်တဲ့တအမ်းတွေကို ဆမ်လုံ (Sarm-Lone)၊ ပလောင်၊ ရွှေလီမြစ်ဝှမ်း နဲ့တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်မှာ နေထိုင်တဲ့ ပလောင်တွေကို ရူမိုင်း(Ru- Mai) ၊ ပလောင်၊ လာရှိုး၊ တန့်ယန်း၊ ကလော၊ အောင်ပန်း၊ မိုင်းကိုင်၊ လဲချားဘက်မှာနေထိုင်တဲ့ ပလောင်တွေကို ရူကျင်(Ru-kying) ပလောင်၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်ဘက်မှာနေကြတဲ့ ပလောင်တွေကို ရူခါ(Ru-Kher) ပလောင်၊ နမ့်ဆန်မြို့နယ်၊ ရှော်လဲတိုက်နယ်ထဲက ပလောင်တွေကိုထဲရိုင်း (Hteo-Rai) ပလောင်၊ ကွတ်ခိုင်၊ နမ္မတူနဲ့ သံလွင်အရှေ့ခြမ်း ပလောင်တွေကို မုံကျီ (Moang-Kyi) ပလောင်၊ မန်တုံ၊ ကျယ်ကောင်ဘက်က ပလောင်တွေကို ရူဂွမ်း (Ru-Gwang)ပလောင်၊ မန်နောက်၊ ကွမ်ဟယ်၊ ဟိုချောင်းဒေသဘက်က ပလောင်တွေကို ကွမ်ဟိုင်း (Kwan-Hai) ပလောင်၊ နမ့်ဆန်မြို့နယ်တောင်မ၊ တောင်မဲ၊ မန်ကန်၊ လွယ်ဆိုင်ဘက်က ပလောင်တွေကို တောင်မ(Taung- Ma) ပလောင်၊ ပန်နင်း၊ ဟူးနောင်၊ ဟူးကော့ဘက်ကပလောင်တွေကို ပန်နင်း (Parng-Nimm) ပလောင်၊ နမ့်ဆန်မြို့နယ်၊ မန်ဖ၊ မြို့သစ်၊ ကျောက်မဲဘက်က ပလောင်တွေကို ငွန်ရောက် (Ngun-Rot) ပလောင်၊ ခွန်ဟောက်ရွာဘက်က ပလောင်တွေကို ခွန်ဟော့ (Hkun-Hawt) ပလောင် စသဖြင့် ပလောင် (ပလောင်) (၁၃)မျိုးခန့်ရှိတယ်လို့ဆိုကြပါတယ်။ ပလောင်တိုင်းရင်းသားများဟာ မြန်မာနိုင်ငံအတွင်း ဒေသအနှံ့အပြားမှာ ပြန့်ကျဲနေထိုင်ကြပေမဲ့ အများစုကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန် တောင်ပိုင်ဒေသ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ဆန်ဒေသနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောဒေသတစ်ဝိုက်တို့မှာ တစ်စုတစ်စည်းတည်း ပေါင်းစုနေထိုင်ကြတာ ဖြစ်ပါတယ်။ အများစုဟာ ဗုဒ္ဓဘာသာဝင်များဖြစ်ပေမဲ့လည်း တခြားတိုင်းရင်း သားလူမျိုးတွေလို မိရိုးဖလာနတ်ကိုးကွယ်မှုတွေကတော့ အချို့နေရာတွေမှာ ကျန်ရှိနေဆဲဖြစ်ပါတယ်။ မြစ်၊ ချောင်း၊ အင်းအိုင်၊ တော၊ တောင်၊ ရေမြေ သဘာဝတွေအပေါ်မှာ မှီခိုအားထားပြီး အသက်မွေးဝမ်းကျောင်း ပြုနေရသူများ ဖြစ်တဲ့အတွက်လည်း ရွာစောင့်နတ်၊ တောစောင့်နတ်တွေကို သက်ဝင်ယုံကြည် ကြတဲ့ ရိုးသားလှတဲ့ တိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ အထူးသဖြင့် တအမ်း တိုင်းရင်းသားတွေဟာ 'နေ'ကို သူတို့ရဲ့ အသက်သခင် ကျေးဇူးရှင်အဖြစ် ယုံကြည်ကိုးကွယ်ကြသူများဖြစ်ပါတယ်...။ နေမရှိတဲ့ ညအခါဟာ အလွန်ချမ်း အေးတဲ့ ရာသီဥတုဒဏ်ခံရတယ်။ သားရဲတိရစ္ဆာန်ရန်ကိုလည်းကြောက်ရတယ်။ ခရီးသွားလာလို့လည်းမရဘူး၊ လုပ်ငန်းခွင်လည်းမဝင်နိုင်ဘူး၊ နေထွက်လာရင် တော့ ဘာကိုမှကြောက်စရာ မလို၊ အလိုရှိတဲ့ခရီး၊ အလိုရှိတဲ့လုပ်ငန်းကိုရဲရဲဝံ့ဝံ့ လုပ်နိုင်ပြီး ဘယ်သားရဲ တိရစ္ဆာန်ကိုမှ ကြောက်စရာမလိုဘူး...။ ဒါကြောင့်'နေနတ်သား'ဟာ သူတို့ရဲ့ ကျေးဇူးရှင်ဖခင်လို့သတ်မှတ်ကြတယ်။ ဒီအပြင် တရုတ်ရိုးရာအယူအဆတစ်ခုဖြစ်တဲ့ 'နတ်နဂါးနှစ်'ဟာ ရာသီဥတုမှန်ကန် တဲ့အတွက် သူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေကောင်းကောင်းရရှိတယ်။ ရေလုံလုံလောက်လောက် ရရှိတဲ့နှစ်ဟာ သူတို့ရဲ့စိုက်ပျိုးရေးလုပ်ငန်း အဆင် ပြေပြီး လူအားလုံးစိတ်ပျော်ရွှင်ရတယ်။ ဒါကြောင့် 'နတ်နဂါး'ကို နှစ်တိုင်း လိုလားကြပြီး 'နတ်နဂါး' ဆုတောင်းပွဲများကို နှစ်စဉ်ပြုလုပ်ကြတာဖြစ်တယ်။ နဂါးကို သူတို့ရဲ့ကျေးဇူးရှင်မိခင်ကြီးလိုသတ်မှတ်ကြတယ်။ ဒါကြောင့် တအမ်း(ပလောင်)တွေဟာ ဖခင်'နေနတ်သား'နဲ့ မိခင် 'နတ်နဂါး'တို့ကို ကျေးဇူးရှင်များအဖြစ် သတ်မှတ်ပြီး သူတို့ တအမ်း (ပလောင်) တိုင်းရင်းသားတွေရဲ့ အထိမ်းအမှတ်သင်္ကေတအဖြစ် 'နေနဲ့နဂါး'ကို သုံးနှုန်း ကြတာဖြစ်တယ်လို့ဆိုပါတယ်။ အမှန်တော့ နေရာလပ်မကျန် လက်ဖက်ပင်များကို စိုက်ပျိုးထားရှိတဲ့ တောင်တန်းတောင်မြင့်ပေါ်က နမ့်ဆန်မြို့လေးဟာ အလွန်ရိုးသားဖြူစင်ပြီး သမ္မာအာဇီဝလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကျွန်တော်တို့ညီရင်း အစ်ကို တိုင်းရင်းသားတအမ်းတွေရဲ့ အဓိကကျတဲ့ မြို့တော်လေး ဖြစ်တဲ့အတွက် မြေပြန့်သား ကျွန်တော်တို့မြန်မာလူမျိုးတွေ တစ်ခေါက်တစ်ခါ တော့ အရောက်သွားပြီးလေ့လာစေချင်ပါသေးတယ်လို့ တိုက်တွန်းချင်ပါတယ်။

ဝန်ခံချက်။ ။ လျှပ်တပြက်ဂျာနယ်မှကူးယူဖော်ပြပါသည်။

http://snapshot-news.com/index.php?option=com_content&view=article&id=7618:2011-02-14-17-17-17&catid=510:vol3-no23&Itemid=118

No comments: