လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Thursday, March 24, 2011

ပလောင်လူမျိုးများဆင်းသက်ပုံ

ပလောင်လူမျိုးတို့ ဆင်းသက်လာပုံ
မနုဿပညာရှင်တို့က မွန်၊ ၀၊ ပလောင်လူမျိုးတို့သည် ‘မွန်-ခမာ‘ အနွယ်ဖြစ်ပြီး မြန်မာမြေပေါ်တို့ အဦးစောဆုံး ၀င်ရောက်လာကြသည်ဟု လက်ခံကြပါသည်။ မွန်-ခမာအနွယ်သည် ‘မောင်းဂုတ်‘ လူမျိုးနွယ်ကြီးမှ ဆင်းသက်လာသည်ဟု ဆိုသည်။ မောင်းဂုတ် လူမျိုးနွယ်ကြီးမှ ‘သြစတြစ်‘ နှင့် ‘တီဗက်တိုတရုတ်‘ ဟု ကွဲပြားလေသည်။
၎င်းတို့သည် မောင်းဂုတ် အနွယ်ဝင်များဖြစ်ကြသော်လည်း ဒေသတခုအတွင်း နေထိုင်ကြရာမှ လူဦးရေ တိုးတက်များပြားလာခြင်းကြောင့် မိမိတို့၏ အသက်ရှင် နေနိုင်ရေးအတွက် နေရာဒေသတခုမှ အခြားတခုသို့ ရေကြည်ရာ မြက်နုရာကို ရှာဖွေနေထိုင်လုပ်ကိုင် စားသောက်ကြသည်။ ဤသို့အချိန်ကာလ ကြာညောင်းလာသောအခါ နေထိုင်ရာနေရာဒေသတို့လည်း တခုနှင့် တခု မတူညီသောကြောင့် သြစတြစ်နှင့် တိဗက်တရုတ်ဟူ၍ ကွဲပြားကြခြင်းဖြစ်၏။ ၄င်း မောင်းဂုတ်လူမျိုးတို့သည် ရေကြည်ရာ မြက်နုရာရှာကြံ၍ နယ်မြေဒသတခုမှ တခြားတခုသို့ ပြောင်းရွေ့နေကြရာတွင် နေကရွိုတ်လူမျိုးနှင့် အထူးသဖြင့် ပရိုတိုသြစလွိုက်လူမျိုးများနှင့် သွေးနှော်ကြသည်ဟု ဆို၏။ ထိုကြောင့် သြစတြစ် လူမျိုးတို့သည် သြစတြိုနီးရှန်နှင့် သြစတြိုအေရှတစ် ဟူ၍ ယင်းတို့၏ သာသာစကားဖြင့် ခွဲခြားခြင်းဟုဆိုသည်။ သြစတြိုအေရှတစ်တွင် အိန္ဒိယနိုင်ငံ (အာသံ၊ မဏိပူရ) ရှိခါဆီလူမျိုး။ မုဏ္ဍလူမျိုး (ကိုလ်)၊ ဆန်သာလ်လူမျိုး၊ နာဂဗာရီကျွန်းရှိ နာဂဗာရီလူမျိုးနှင့် အာသံ၊ မြန်မာ၊ အင်ဒိုချိုင်းနားရှိ မွန်ခမာအနွယ်ရှိတို့ ပြောဆိုသော စကားပါဝင်သည်။
(မောင်းဂုတ်) မွန်ဂိုလွိုလ်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံး နေထိုင်ကြပြီး အထူးသဖြင့် အရှတိုင်မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့ တောင်ပိုင်းတို့၌ ပြန်နှံ့နေထိုင်ကြသည်။ ထိုကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ၀၊ ပလောင်(ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော အလွန်သွေးနီးစပ်ကြသည် ညီရင်းအစ်ကို မောင်နှမရင်းသားချင်းဟုဆိုရပေမည်။
ထိုနည်းတူ မောင်းဂုတ် (မွန်ရိုလွိုက်လူမျိုးနွယ်ကြီး) မှ တီဗက်တိုဘားမင်းအုပ်စုတွင် ပျု၊ ကမ်းယံ၊ သက်၊ ချင်း၊ ကချင်း၊ ဗမာ၊ ကရင်လူမျိုးဖြစ်သို့လည်းကောင်း ထိုင်းတရုတ်အုပ်စုမှ ရှမ်း၊ ရှမ်းတရုတ်၊ တရုတ်လူမျိုးအဖြစ်သို့လည်းကောင်း ဆင်းသက်လာကြသည်ဟုဆို၏။
သြစတြိုအေရှတစ် အရှတောင်ပိုင်းသို့ မဆင်းသက်မီ တရုတ်ပြည်ယန်စီ ကန်မြစ်ဝှမ်း ဒေသတွင် မွန်ခမာ လူမျိုးနွယ်အဖြစ် တခုတရုံးတည်း အခြေချ နေထိုင်လာကြ သည်ဟု ဆိုသည်။ ထိုကြောင့် ယန်စီကျန်မြစ်ဝှမ်းဒေသသည် မွန်ခမာတို့၏ ဒေသဟောင်း ဖြစ်သည်ဟု ဆိုရပေမည်။ ၄င်းမြစ်ဝှမ်းဒေသသည် ရာသီဥတု သင့်တင့်မျှတမှုရှိပြီး မြေဆီသြဇာ ကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စနစ်တကျလုပ်ကိုင်နိုင်သော လူမျိုးဟု ယူဆရသည်။ နှစ်ပေါင်းရှည်ကြာစွာ တစုတရုံးတည်း စနစ်တကျအခြေချနေထိုင်ကြရာတွင် စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းကြီးဖြင့် စနစ်ကျသော လူအဖွဲ့အစည်း ဖွဲ့စည်းကြကာ ကျေးပြည်၊ ကျေးနယ်ထူးထောင်ကြသည်။ ၄င်း၌ မိမိတို့လူမျိုးများ၏ လူဦးရေများပြား လာခြင်းကြောင့် လည်းကောင်း အာရှမြောက်ပိုင်းဒေသ၌ ရာသီဥတုဆိုးဝါးမှု ကြောင့်လည်းကောင်းမြောက်ပိုင်း လူမျိုးနွယ်စုများအစုအပြုံ တိုးဝင်ဆင်းသက်လာခြင်း ကြောင့်လည်းကောင်း အကျပ် အတည်းနှင့်တွေ့ရသောကြောင့် တောင်ဖက်ပိုင်းသို့ ပြောင်းရွှေ့လာကြရသည်ဟုဆိုသည်။ ထိုသို့ပြောင်းရွှေ့ကြရာတွင် အင်ဒိုချိုင်းနားဘက်သို့ ဗက်ယက်နမ်ဒေသတွင် ဗီယက်နမ်လူမျိုး၊ ကမ္ဘောဒီးယားဒေသတွင် ခမာလူမျိုး၊ ယိုးဒယားနှင့် မြန်မာပြည်တောင်ပိုင်းဒေသတွင် မွန်၊ ၀၊ ပလောင်အုပ်စုတို့သည်လည်းကောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းအတိုင်း အိန္ဒိယြ့ပည် ဒက္ခီဏ ကုန်းဒေသတွင် မုဏ္ဍလူမျိုး၊ ဘင်္ဂလားနယ်တွင် ဆန်သာလ်လူမျိုးနှင့် အာသံနယ်တွင် ခါဆီလူမျိုးတို့ကိုလည်းကောင်း အခြေချနေထိုင်သည်ကို တွေ့ရသည်။
မွန်ခမာအနွယ်ဘွား လူမျိုးတို့သည် ဘာသာစကားတမျိုးတည်ဖြစ်သော်လည်း အခြား ဒေသများသို့ ပြောင်းရွှေ့နေထိုင်အခြေချပြီး ကာလကြာမြင့်စွာခွဲခွါကြခြင်း၊ မူရင်းဘာသာ စကားအပြင် ဝေါဟာရအသစ်များ တိုးတက်များပြားသုံးစွဲ၍ မိမိတို့အနွယ်နှင့် မတူသော ဝေါဟာရများထည့်သွင်းပြောဆိုခြင်းရှိသော်လည်း မူလ မွန်ခမာဝေါဟာရကို သုံးစွဲလျက် ရှိသည်ကို တွေ့ရှိရသည်။ ဤအခြေအနေပေါ်မူတည်၍ ဘာသာဗေဒပညာရှင်တို့က လူမျိုးများ ဆင်းသက်လာပုံကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ခန့်ကပင် မွန်ခမာအနွယ်ဝင် မွန်၊ ၀၊ ပလောင် (ရိအာန်)လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း ‘ ယန်စီကျန်မြစ်ဝှမ်းဒေသ‘ ဆီမှာ တောင်ဖက် သို့ ဆင်းသက်လာကြပြီးလျှင် သံလွင်မြစ်ကြောင်းနှင့် မဲခေါင်မြစ်ဝှမ်းဆီသို့ ဆင်းသက်ကြပြီး တိုင်းပြည်တောင်ပိုင်းမဲနမ်မြစ်ဝှမ်း၌ မွန်လူမျိုးစုဦးဆောင်၍ ဒွါရာဝတီပြည်ကို ထူထောင်ကြ သည်။ မွန်၊ ၀၊ ပလောင်အနွယ်ဘွား လူမျိုးတို့ကို ယောနက (ယူနန်) ယောန၊ ယောန်း(ယွန်း)၊ ကြောမ်း (ကြွမ်း) ဟု ဖြစ်ကြောင်းဆိုပါသည်။ ‘ပလောင်‘ တောတိုး ‘ယောလူမျိုး‘ ဟု အဆိုစာရှိလေရာ ယောနတိုင်း (ယူနန်ဒေသ)က ဆင်းသက်စီးပွားလာသော လူမျိုးဟုဆိုသည်။ ပလောင်တို့သည် မွန်တို့နှင့်အတူ မြန်မာပြည်အောက်ပိုင်းဒေသ၊ သထုံဒေသ၊ ပဲခူး-တော်ငူဒေသတို့တွင် အခြေချနေထိုင်ခဲ့ကြောင်း ပလောင်လူမျိုးနွယ်စုတခုဖြစ်သည့် (ရူမိုင်း)တို့ အခြေချကြောင်း ရမ္မ၀တီဟုအည်တွင်ကြောင်း သရေခေတ္တရာ (ပြည်)ပန်းတောင်းအရပ် ဒေသသို့ ပြောင်းရွှေ့လာကြကြောင်း၊ ရူမိုင်း (ရူမာည်း) ရှေ့ဟောင်းရာဇ၀င်တွင်ရှိပါသည်။ ကျန်အစုမှာ တောင်ငူ-ရမည်သင်းဒေသမှ ရှမ်းပြည်တောင်းပိုင်းသို့ ရွှေ့ပြောင်းကြောင်း ဖော်ပြသည်။ ၀၊ ပလောင်အုပ်စုတစုသည် တရုတ်ပြည်တောင်ပိုင်းဆီမှ မြန်မာပြည်သို့ ရွှေလီမြစ်ကြောင်းနှင့် တပိန်မြစ်ကြောင်းအတိုင်း မြန်မာပြည်အထက်ပိုင်းတကာင်းဒေသ၊ မြန်မာပြည်အလယ်ပိုင်းဒေသဖြစ်သည့် ရှေ့ပုဂံ(ပေါက္ကံ) ဒေသ။ မင်းဘူး (၆)ခရိုင်ဒေသ၊ ပခုက္ကူ (ယောနယ်)ဒေသ ဗိသာနိုးဒေသတို့၌ ၀၊ ပလောင်လူမျိုးအနွယ်တစုတို့သည် ဧရာဝတီမြစ် ကြောင်းအတိုင်း ဆင်းသက်လာပြီး အခြေချခဲ့ကြသည်ဟု ဆိုပါသည်။ နောက်တွင်ကား မရှေးမနှောင်းပင် ရောက်ရှိလာကြသော ရှေးပျူနှင့်အနွယ်တူလူမျိုးများတို့ ရောနှောအခြေချ ကြကြောင်း သိရှိရ၏။ နောက်တွင် ပုဂံပြည်ကြီးကိုထူထောင်ကြရာတွင် မွန်၊ ၀၊ ပလောင် အနွယ်လူမျိုးမှာ ပါဝင်ကြောင်း ပုဂံကျောက်စာအရ သိရကြောင်း သိရပါ၏။
ပလောင်လူမျိုးတို့သည် ရှေးဦးပျူလူမျိုးတို့နှင့် နီးကပ်စွာအတူ ယှဉ်တွဲနေထိုင်ပြီး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ၊ ရှေးဟောင်းယုံကြည်မှု၊ ရိုးရာပုံပြင်များ။ မျိုးရိုးစဉ်လာခံယူမှု၊ အုပ်ချုပ်မှုစနစ်ကို တူညီစွာ ခံယူကျင့် သုံးလာခဲ့၍လည်း ပျူလူမျိုးမှ “ပြူ” “ ပလူ” ၎င်းမှ ပလောင် လူမျိုးဟု အဆိုရှိလေသည်။ ပလောင်၊ ၀ နွယ်တူလူမျိုးတစ်စုတို့သည် တကောင်း ဒေသဆီမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းသက်လာကြပြီး မြေပြန့်ဒေသဖြစ်သည့် မတ္တရာ၊ အောင်ပင်လယ် (မန္တလေး) အင်းဝ၊ တောင်ပြုန်း၊ ကျောက်ဆည်ဒေသသို့ ပြန့်နှံ့အခြေချလာပြီး မွန်ခမာအနွယ် မွန်၊ ၀၊ ပလောင်တို့နှင့် ပြန်ဆုံစည်းကြ၍ ကျောက်ဆည် (၁၁)ခရိုင်ဒေသတွင် အင်အားကြီးထွားပြန့်နှံ့နေထိုင်ခဲ့ကြသည်။ ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်ဒေ သတို့တွင် ပြန့်နှံ့စွာ အခြေချနေထိုင်သည်ကို သိရှိရ၏။ ထို့ကြောင့် ၀၊ ပလောင်လူမျိုးများ (ရှေးဦး ၀၊ ပလောင်) တို့သည် မြေပြန့်ဒေသများတွင် အခြေချနေထိုင်ခဲ့ကြကြောင်း မွန်ဂိုတာတာလူမျိုးအုပ်စုတို့နှင့် မကြာခဏ တိုက်ခိုက်ကြရကြောင်း ရန်သူတို၏ နှောက်ယှက် တိုက်ခိုက်ခြင်းကို ရင်ဆိုင်ကြရကြောင်း၊ မြန်မာအုပ်စုဝင်တို့ အလုံးအရင်းအင်အားကြီးစွာ ၀င်ရောက်လာကြကြောင်း၊ မွန်ဂိုတာတာနှင့်အတူ မြန်မာအုပ်စုဝင်အနွယ်တို့၏ တိုက်ခိုက်ခြင်း ကြောင်း မွန်ခမာအနွယ်ဝင် မွန်၊ ၀၊ ပလောင်လူ့အဖွဲ့အစည်းဖြိုကွဲ၍ မွန်အုပ်စုတို့ မြန်မာပြည် အောက်ပိုင်းဒေသတို့၌ အခြေတည်ကြကြောင်း၊ ၀၊ ပလောင်အုပ်စုအနွယ်တို့ ရှမ်းကုန်းပြင် မြင့်(တောင်ပေါ်ဒေသ) ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ ၀င်ရောက်အခြေချကြကြောင်း သိရှိရ၏။
မွန်ခမာအနွယ်ဝင် ၀၊ ပလောင်လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း ယန်ဆီကျန် မြစ်ဝှမ်းဒေသမှ တစ်စုအဖြစ် ထွက်လာကြပြီး တရုတ်ပြည်တောင်ပိုင်း (တာလီဒေသ) ထန်ချုန်းဒေသနှင့် ယုန်ချန်ဒေသတို့တွင် အခြေချ၍ မြို့ပြပြည်နယ်ငယ်များ ထူထောင်ကြ သည်။ မွန်ဂိုတရုတ်အနွယ်တို့၏ အဆက်မပြတ် နှောက်ယှက်တိုက်ခိုက်မှု ဒဏ်ကြောင့် “ တာလီဖူးနိုင်ငံတော်(ကောသမ္ဘီပြည်) “ ပျက်ဆီးခဲ့ရသဖြင့် “ ၀ ” အနွယ်ဝင်သည် သံလွင်မြစ် ကြောင်းအတိုင်း ဆင်းသက်ကြပြီး မြန်မာပြည်သံလွင်အရှေ့ခြမ်းဒေသနှင့် အနောက်ခြမ်းဒေ တွင်အခြေချ နေထိုင်ကြကြောင်း တွေ့ရ၏။
တာလီဖူးမြို့ပြနိုင်ငံတော် (ကောသမ္ဘီပြည်) ပြိုကွဲခဲ့ရခြင်းကြောင့် ၀ နှင့် ပလောင်အနွယ်စု ကွဲထွက်ခဲ့ရပြီး ပလောင်အနွယ်စုမှာ ရွှေလီမြစ်ဝှမ်းနှင့် သံလွင်မြစ်အကြား တောင်တန်းကြီး များကို ဖြတ်ကျော်၍ မုံးကိုး – ကြူကုတ်လမ်းကြောင်းမှ ကွက်ခိုင်၊ သိန္နီ၊ လားရှိုး – မိုင်းရယ်သို့ ၀င်ရောက်လာကြသည်။ AD ၁၀ရာစုတွင် ပလောင်အနွယ်စုတစ်ခုမှာ ရွှေလီမြစ်ကြောင်းအနီး ကျယ်လန့် (နမ့်ခမ်း – မူဆယ်) တွင် ပြန်လည်စုစည်းကြပြီး မြို့ပြကျေးပြည် (ဒုတိယ ကောသမ္ဘီပြည်) အဖြစ် ထူထောင်ကြပြန်သည်။ ထို့နောက်တွင် “ ကျယ်လန့်ကျေးပြည်ထွန်း ကားစဉ်တွင် ပဲခူး – တောင်ငူ – ကျောက်ဆည် ဒေသတို့မှ အင်အားပြိုကွဲလာသည့် မွန်၊ ၀၊ ပလောင်အနွယ်စုအနက်မှ ပလောင်အနွယ်စုသည် မြန်မာပြည်မြောက်ပိုင်းသို့ ဆန်တက်လာ ကြပြီး ရွှေလီချိုင့်ဝှမ်းဒေသရှိ အနွယ်စုတို့နှင့် ပူးပေါင်း၍ တောင်ပေါ်ဒေသ၌ မြို့ ပြကျေးပြည်စုစည်း တည်ထောင်ကြပြန်သည်။ ရာမ၀တီဟုပင် အမည်တွင်၍ မြို့တော်ကို “ကျကောင်း” (မိန်းကောင်း)ဖြစ်သည်။ ခရိုင် (၂၉)ခုဖွဲ့စည်း ထားကြောင်းနှင့် ပလောင် မျိုးနွယ်စုများဖြစ်ကြသည်။ (ရူမည်း၊ ရူလျဲန်း၊ ရူကော) တို့၏ မြို့ပြကျေးပြည်ဖြစ်ပြီး စည်ပင် ထွန်းကားခဲ့၏။ တောင်ပေါ်ကုန်းမြင့်၌ တည်ထားခြင်းကြောင့် ရန်အန္တရာယ်များကို ခုခံနိုင် ကာကွယ်နိုင်ရန်နှင့် ရန်သူ၏ တိုက်ခိုက်မှု မလွယ်ကူစေရန်ဖြစ်ဟန် ရှိသည်ဟုရှိသည်။
နေနဂါးမျိုးနွယ်
ပလောင်လူမျိုးတို့သည် အဖ နေနတ်သား အမိ နဂါးမတို့မှ ဆင်းသက်လာသည်ဟု သတ်မှတ် ယုံကြည် ကိုးကွယ်ကြပါသည်။
ရှေးပလောင်အလံ
ရှေးပလောင်လူမျိုးတို့ အထိမ်းအမှတ်အလံမှာ အပြာရောင်အောက်ခံ၍ ဗဟိုအလယ်တွင် နေ၀န်းနီလုံးရှိထားပါသည်။
ကိုးကွယ်ယုံကြည်မှု
ပလောင်လူမျိုးတို့ ၉၉ ရာခိုင်းနှုန်းက ဗုဒဘာသာဝင်ကို ကိုးကွယ်ယုံကြည်ကြပါသည်။ နတ်ကို အနည်းအကျဉ်း၊ ခရစ်ယာန် အနည်းအကျဉ်းကိုးကွယ်ကြပြီး တောစောင့်နတ်၊ ရွာစောင့်နတ်၊ လယ်စောင့်နတ်တို့ကို ပသပူဇော်သည့် ဓလေ့ရှိပါသည်။
ပလောင်တို့၏ လအလိုက် ပွဲတော်များ
တပို့တွဲလ ။ ။ ပလောင်လူမျိုးများသည် တပို့တွဲလတွင် များသောအားဖြင့် မုန့်လုပ်စား တတ်ပါတယ်။ အဓိကမုန့်များမှာ မုန့်ဖက်ထုပ် (ကောက်ညှင်းဆန်ကို အမုန့်ကြိတ်ပြီး ကြံသကာ၊ အုန်းသီး၊ နှမ်း၊ ဖတ်ရွက် နှင့် ထုပ်ထား) မုန့်လက်ကောက်၊ ခေါပုတ်၊ ခေါင်ယာဂု စအရှိသည်ကို ပြုလုပ်ပါတယ်။ ခြောက်သွေ့တဲ့ရာသီဖြစ်သလို အစားအသောက်ဆင်းရဲတဲ့အချိန်ဖြစ်ပါတယ်။
ကြမ်းတမ်းစွာအလုပ်လုပ်ရတဲ့ အချိန်ဖြစ်တာကြောင့် တပို့တွဲ မတိုင်ခင် (၃-၄)အလိုမှာ အနားယူပါတယ်။ ကောက်ညှင်းဆန်၊ ကြံသကာတို့ လုယက်ဝယ်ယူထားကြပါတယ်။ ပြီးတော့ များသောအားဖြင့် နေ့ခင်း (သို့) ညဆိုရင် လူပျို၊ အပျိုများက အချိန်ယူပြီး မုန့် ကြိတ်ကြပါတယ်။ လူငယ်များက တအိမ်တက် တအိမ်ဆင်း ကူညီလေ့ရှိပါတယ်။
မုန့်ရတဲ့အချိန်မှာ အိမ်တွင်းရှိ ဘုရားကို အထွဏ်ထိပ်ထားပြီး အရင်လှူသလို ဘုန်းကြီးကျောင်းမှာရှိသော ဘုရားကိုလည်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ ပြီးတော့ ဆွေမျိုးအိမ်များကို မုန့်လိုက်ပေးပါတယ်။ သူအိမ်လည်းလုပ် ကိုယ်အိမ်လည်းလုပ် မုန့်များကို ဖလှယ် ပေးကြပါတယ်။ အရမ်းကို ပျော်စရာ ကောင်းပါတယ်။ အိမ်တိုင်းလိုလို အလုပ်နားပြီး အချိန်ပေး မုန့်လုပ်လေ့ရှိပါတယ်။
ပြီးတော့ ထင်ဖြူ (မိုင်လို)ကို စေတီပုံဆောက်ပါတယ်။ တပို့လပြည့်ရောက် တယ်ဆိုရင် ထင်ဖြူ မီးပုံပွဲကို ဗုံမောင်းတီးပြီး မီးရှုကြပါတယ်။ ဒါဟာလဲ ပလောင်တို့ရဲ့ ရိုးရာဖြစ်ပါတယ်။
တပေါင်းလ ။ ။ တပေါင်းလဟာ ပလောင်တို့အတွက် အပျော်ရွှင်ဆုံးအချိန်ဖြစ်ပါတယ်။ နယ်အရပ်ရပ်က ပလောင် လူမျိုးများ စုပေါင်း၍ ပွဲတော် ဆင်နွဲတဲ့ အချိန်ဖြစ်ပါတယ်။ နမ့်ဆန်မြို့မှာဆိုရင် ဘုရားကြီးရှိပါတယ်။ ဘုရာကြီးပေါ်မှာ ဆိုင်ခင်းအတွက် သဲကလေးတွေ ဆောက်လုပ်ထားပါတယ်။ နမ့်ခမ်းဘက်ဆိုရင် နမ့်ခမ်းမြို့မှာဖြစ်ဖြစ် ကျေးရွာအုပ်စုပဲဖြစ်ဖြစ် စုပေါင်းပြီး လုပ်ဆောင်ကြပါတယ်။ မန်တုန်မှာဆိုရင် လည်း ထိုနည်းတူစွာဖြင့် ပြုလုပ်သလို တခြားသော မြို့နယ်တွေမှာ လည်း ပြုလုပ်ပါတယ်။
နောက် တခြားသော သီပေါ၊ လားရှိုး၊ ကျောက်မဲ ရှမ်းလူမျိုးက လာရောက်၍ စားစရာ ငါးချဉ်ကောင်း၊ ၀က်သချဉ်းကောင်း၊ မုန်ညင်းချဉ်းခြောက်၊ မုန်ညင်းခြောက်၊ မုန့်မျိုးစုံတို့ အစရှိတဲ့ ရွှေဖီချိန် သုံးဖို့ ခမောက် တွေကို လည်း ရောင်းချပါတယ်။ ဘုရားကြီး၊ ဘုန်းကြီးကျောင်းတွေမှာလည်း လူတွေ စည်းကားတဲ့ အချိန်ဖြစ်ပါတယ်။ စည်းကားလွန်းလို့ လူရပ်တဲ့နေရာတောင် တခါတလေ မရှိဘူး။ ပျော်စရာလဲ အရမ်းကောင်းပါတယ်။ ငါးချဉ်ကို ၀ယ်စား ချင်ရင် တဆိုင်ဝင် တဆိုင်ထွက် လိုက်မြီးပြီးမှ ကောင်းတဲ့ဆိုင်တွေ့ရင် ၀ယ်ပါ တယ်။ ဘုရားကို ရွှေဖီချိန် စစထွက်တဲ့ မိုးလွတ်၊ လေလွတ် လက်ဖက် ခြောက်ကို သွားရောက် လှူဒါန်းတဲ့ အချိန်လဲဖြစ်ပါတယ်။
တန်ခူးလ ။ ။ သင်္ကြန်ပွဲတော်ဆိုရင်လည်း အပျော်ဆုံးအချိန်ဖြစ်ပါတယ်။ ရွှေဖီချိန် အလုပ်နားတဲ့ အချိန်ဖြစ်ပါတယ်။ လူပေါင်းစုံနဲ့ ရွာကို လက်ဖက်လာခူးတဲ့အချိန်ဖြစ်တော့ လူပေါင်းစုံ စည်းကားတဲ့ အချိန်ဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်မှာဆိုရင် ဘုရားကို ရေသပ္ပါယ်ပေးတယ်။ လူကြီးတွေကို လိုက်ပြီး ရေချိုးပေး အစရှိသည့်တို့ကို လိုက်လုပ်လေ့ရှိပါတယ်။
တချို့သော မြို့မှာဆိုရင် မုန့်ဖတ်ထုပ်တွေ လုပ်စား၊ ရေစိမ်းခေါက်၊ မုန့်ဟင်းခါး၊ ရွှေရည်အေး အစရှိတဲ့ မုန့်မျိုးစုံကို လုပ်တတ်ကြပါတယ်။ ကိုယ့်နဲ့ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းများကို ဖိတ်ကျွေးပါတယ်။ ကိုယ့်နဲ့အသိမိတ်ဆွေများ တယ်ဆိုရင် တအိမ်ပြီး တအိမ်လိုက် ဖိတ်ကြပါတယ်။ တချို့ကျတော့ လူပျို၊ အပျိုတွေပေါင်းပြီး ၀င်ငွေရှာ စုဆောင်း လာသမျှ ဧည့်သည်များကို ကျွေးမွေး ပါတယ်။
ကဆုန်လ ။ ။ ကဆုန်လဆိုရင် များသောအားဖြင့် ပိုက်ဆံတတ်နိုင်သော ရွာဆိုရင် ပါဌာန်းပွဲ (ဘုန်းကြီးတရားဟော်ပွဲ) ကို ပြုလုပ်လေ့ရှိပါတယ်။
ဝါတွင်းသုံးလ ဆိုရင် သက်ကြီး ရွယ်အိုးတွေက ဥပုဒ်အဖိတ်တိုင်းတွင် ဇရပ်မှာ သွားစောင့်ပါတယ်။ ဥပုဒ်သွားစောင့်တဲ့အချိန်ဆိုရင် ရွာမှာကြီးတဲ့ လူပျို၊ အပျိုတွေ၊ အသက် ၃၀-၄၀ရှိတဲ့အမျိုးသမီးတွေက ညရောက်ရင် အချိုပွဲတခုခု သွားကျွေးပါတယ်။ တချို့သော လူငယ်တွေက အဖွဲ့ ဖွဲ့ပြီး ၀င်ငွေရှာပါတယ်။ အဘိုး၊ အဘွားတွေကို ကျွေးမွေးဖို့ဖြစ်ပါတယ်။
အဖိတ်ညနေဆိုရင် ကုမ္မာရီအဖွဲ့များက လပြည့်နေ မနက်ဆွမ်းတော် တင်ရန်အတွက် အသီးအနှံကို ပုံစံအမျိုးမျိုးနဲ့ ပန်းပုံဖော်ပါတယ်။ ပြင်ဆင် ထားပါတယ်။ ဘုန်းကြီးနဲ့ ဥပုဒ်စောင့်သော အဘိုးအဘွားတွေအတွက် ထမင်းဟင်းကို ပြင်ဆင်ထားပါတယ်။ တခါတလေ တ–ခံပေးတဲ့လူရှိတယ်။
ရွာသူရွာသားတွေလည်း အဖိတ်၊ ဥပုဒ်ဆိုရင် အလုပ်နားကြပါတယ်။ အဘိုး၊ အဘွားတွေလည်း လပြည့်နေ့မတိုင်းခင် (၈)ရက်မှာ ဘုန်းကြီးကျောင်း၊ စေတီမှာ ရှိတဲ့ မြက်ပင်တွေကို သွားရောက်ရှင်းလင်းကြပါတယ်။ ၀ါတွင်းသုံးလဆိုရင် လူငယ်တွေ၊ သက်ကြီး ရွယ်အိုးတွေက အရမ်းပျော်ရွှင်ကြပါတယ်။
သီတင်းကျွတ်လ ။ ။ သီတင်းကျွတ်ဝါဆိုပွဲတော် ဆိုရင်တော့ တရွာပြီး တရွာ လိုက်လံ လှူဒါန်းကြပါတယ်။ ကျမတို့နဲ့ ရင်းနှီးတဲ့ရွာဖြစ်သလို ကျမတို့နဲ့ အလှူအဒါန်း လုပ်ချင်သောရွာလည်းဖြစ်ရမယ်။ ကျမတို့ ဘုန်းကြီးက ၀ါကြီးတယ်ဆိုရင် ကျမတို့ဆီ အရင်လှူရပါတယ်။ တခြားရွာ ဘုန်းကြီး ၀ါကြီးတယ်ဆိုရင် တခြားရွာကို သွားလှူရပါတယ်။
သီတင်းကျွတ်ဝါဆိုပွဲဆိုရင် လူဦးရေကို မသတ်မှတ်ထားပါဘူး။ လာချင် သလောက် လာလို့ရပါတယ်။ မလာခင်ဆိုရင်တော့ လူဦးရေ ဘယ်လောက်လာ မလဲဆိုတာ ခန့်မှန်းပြီး ပြောပေးရပါတယ်။ ဒါမှ ရွာအိုးသူကြီးတွေ ဟင်းချက်၊ ထမင်းချက်ဖို့ ခန့်မှန်းနိုင်ပါတယ်။ ဟင်းတွေက များသောအားဖြင့် ရွာမှာရှိသော ဖရုံသီး၊ ဗူးသီး၊ မျဉ်းချဉ်နဲ့ ဟင်းချက်ဖို့ ထင်း အစရှိသည်တို့ကို ရွာအိုးသူကြီးထံ စေတနာရှိသလောက် ပေးရပါတယ်။ ထမင်းကို ရပ်ကွက်အလိုက် သတ်မှတ်ပြီး ချက်ခိုင်းပါတယ်။ ကျန်ရှိသော လိုအပ်သော အသုံးစရိတ် များကိုရွာများက စေတနာရှိသလောက် လှူဒါန်းကြပါတယ်။
တချို့ရွာတွေဆိုရင် ပိုက်ဆံတတ်နိုင်သော လူငယ်အဖွဲ့ရှိတယ်ဆိုရင် စတိတ်ရှိုးပွဲ ထောင်ပါတယ်။ များသောအားဖြင့် စတိတ်ရှိုးရှိသော ရွာကို လူတွေက စည်းကားလေ့ရှိပါတယ်။
တရွာပြီးတရွာလိုက်လှူဒါန်းတဲ့အချိန်မှာ ပျော်စရာ အလွန်ကောင်းပါတယ်။ ကိုယ့်ရွာအလှည့်ရောက်ရင် တခြားရွာကို ကြိုဆိုဖို့အတွက် အိုးစည်းမောင်းသံနဲ့၊ ဗုံမောင်းသံနဲ့ ကြိုဆိုပါတယ်။ လူပျိုခေါင်းဆောင်၊ အပျိုခေါင်းဆောင်နဲ့အတူ လူပျို၊ အပျိုနဲ့ ပေါင်းပြီး ကြိုဆိုပေးရပါတယ်။ တချို့ရွာဆိုရင် အရမ်းကို ဝေးလွန် လှပြီး တညစောပြီး လာအိပ်ပါတယ်။ သတင်းကျွတ်ပွဲတော်သည် ပလောင်တွေရဲ့ တန်ဖိုးထားသော အရာဖြစ်ပါတယ်။
တန်ဆောင်မုန်း ။ ။ တန်ဆောင်မုန်းလ ဆိုရင် ဆီးမီးခွက်ထွန်းပွဲ ပြုလုပ်လေ့ရှိပါတယ်။ အဖိတ်နေ့ဆိုရင် လူပျို၊ လူပျိုခေါင်းဆောင်များက ဗုံမောင်းနဲ့အတူ သိုင်းအကကို ကပါတယ်။ အပျိုခေါင်းဆောင်တွေ အပျိုချောလေးနှစ်ယောက်ကို ရွေးချယ်ပြီး လက်ကိုင်ပ၀ါ ခါးကြားမှာ ထိုးခိုင်းပါတယ်။ တချို့သောလူပျိုတွေက အပျိုလေးကို စနောက်ချင်တာနဲ့ ဟိုရှောင် ဒီရှောင် လိုက်နောက်နေပါတယ်။ အချိန် ၅-၁၀မိနစ်လောက်ကြားမှ လက်ကိုင်ပါဝါ ထိုးရပါတယ်။ တချို့အပျိုလေးက ကြမ်းတမ်းတယ်။ အိတ်ထောင်ထဲကိုရအောင်ထည့်သလို တခါတလေ အိတ် ထောင်ပြဲတဲ့အထိ ဖြစ်ပါတယ်။ ညနေ (၈)နာရီမှ (၁၂)နာရီအထိ သိုင်းအက ကလေ့ရှိပါတယ်။ အဖိတ်နေ့နဲ့လပြည့်နေ့ဆိုရင် ဖယောင်တိုင်းကို အိမ်တိုင်းလိုလို ထွန်းကြပါတယ်။
လပြည့်နေ့ဆိုရင် ထင်းရှုမီးပုံနဲ့ ဆီးမီးထွန်းပုံပွဲကို စေတီမှာ ထွန်းပါတယ်။ စေတီတော်မှာ အဘွားကြီးတွေရဲ့အလှည့်ဖြစ်ပြီး ဗုံမောင်းအကြီးကို တီးခတ်ရင်း ကပါတယ်။ မီးပုံပွဲကို ကြိုဆိုတဲ့အနေနဲ့ဖြစ်ပါတယ်။ ဒီနေ့ထူး၊ နေမျှတွေဟာ ကျမတို့ ပလောင်လူမျိုးတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နေ့တွေဖြစ်ပါတယ်။
ပလောင်လူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံ
ပလောင်ရပ်ရွာတို့၏ နေထိုင်ပုံ
ပလောင်လူမျိုးတို့သည် မိသားစု အိမ်ထောင်စုများ အဆောက်အဦးတခုတည်းတွင် စုပေါင်းနေထိုင်လေ့ရှိသည်။ တချို့သော ပလောင်လူမျိုးတို့သည် အိမ်လျားကြီး ဆောက်ပြီး အိမ်ထောင်စုပေါင်း ၄-၅အိမ်ထောင်စုမှ ၁၂အိမ်ထောင်စုအထိ တစည်းတလုံးတညိစုပေါင်းနေထိုင်ကြပါသည်။ ဤတွင် မိသားစုဝင်များအားလုံး စည်းလုံးခြင်းကို ပြသခြင်းလည်းဖြစ်ပါသည်။ များသောအားဖြင့် ပလောင်လူမျိုးတို့ အေးချမ်းတည်ကြည်သော တောင်ပေါ်နေရာတွင် နေထိုင်လေ့ရှိပါသည်။

တချို့သော ရွာတွင် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်မှုကြောင့်သော်လည်းကောင်း၊ အဆင်ပြေသော မိသားစုဖြစ်၍ သော်လည်းကောင်း၊ သူမိသားစု ကိုယ်မိသားစု လွတ်လွတ်လပ်လပ် နေလိုစိတ်ကြောင့်သော်လည်းကောင်း တအိမ်လျှင် တမိသားစုဖြင့် သီးခြားနေထိုင်လေ့ရှိသည်။
အိမ်တအိမ်တွင် များသောအားဖြင့် ဖခင်က အိမ်ထောင်ဦးစီးဖြစ်ပါသည်။ အိမ်ထောင်စုပေါင်းအားလုံးနေသော အိမ်ကြီးတခုလုံးအား အသက်အရွယ် အကြီးဆုံး၊ ၀ါအရင့်ဆုံး ယောက်ျားကြီး အကြီးအကဲအဖြစ် ဆောင်ရွက် သည်။
ရွာ၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် ရွာဥက္ကဌကို အမျိုးသားများဖြင့် ခန့်အပ်လေ့ရှိပြီး ဆုံးဖြတ်ပိုင်ခွင့် အပြည့်အ၀ ပေးထားပါသည်။ အမျိုးသမီးများကို ရပ်ရွာ၏ သာရေး၊ နာရေးလောက်တွင် ပါဝင်လေ့ရှိပါသည် အမွေဆက်ခံခွင့်
ပလောင်လူမျိုးများသည် များသောအားဖြင့် မိဘ၏ အရိုက်အရာကို သားအကြီးဆုံးက ဆက်ခံပိုင်ခွင့်ရှိပါသည်။ တခြားသော လက်ဖက်ခြံ၊ တောင်ယာ၊ လယ်ယာတို့ကို ညီတို့ကို ခွဲဝေပေးလေ့ရှိသည်။

တချို့သော မြို့နယ်တွင် များသောအားဖြင့် သားအငယ်ဆုံးကို မိဘအရိုက်အရာ ဆက်ခံခွင့်ပေးထားပါသည်။ သားအကြီးဆုံးက အရင်အိမ်ထောင်ကျပြီး အိုးခွဲပေးထားလေ့ရှိပါသည်။ တချို့သော ခေတ်ပညာတတ်သော မိဘများက သမီး မိန်းကလေးများကို သားယောက်ျားနှင့် တန်းတူ အမွေးခွဲပေးပါသည်။
တချို့သောရွာတွင် “သားကိုသခင် လင်မယားကို ဘုရား” ဆိုတဲ့ စကားပုံအတိုင်း သားကို ကိုးကွယ်၊ လင်ကို ကိုးကွယ်ပြီး သမီး မိန်းကလေးများကို လုံးဝ အမွေးခွဲဝေပေးလေ့မရှိပါ။ သမီး မိန်းကလေးသာမက ကိုယ့်မွေးထားသော မွေးမိခင်ပါ အမွေးရပိုင်ခွင့်မရှိချေ။ ဥပမာ မိသားစု တစုသည် သမီးမိန်းကလေးများဖြင့် မွေးထားပြီး အဖေက အမေထက်စောစွာ သေဆုံးလျှင် အမွေးများကို အဖေဘက် အမျိုးတော်စပ်သူ ဦးကြီး၊ ဦးလေးတို့ကို အမွေးထိန်းသိမ်းထားပိုင်ခွင့်ရှိပါသည်။
အပျို၊ လူပျို ဘိသိက်သွန်းခြင်း
နမ့်ဆန်မြို့နယ် အနောက်ကင်းနှင့် ဇယန်းကြီးတို့တွင် ရှေးအခါက အမျိုးသမီး၊ အမျိုးသား ၁၁-၁၂နှစ်ခန့် အပျို၊ လူပျိုဘောင်ဝင်စပြုလာလျှင် ရပ်ရွာရှိ ဇရပ်တဆောင်တွင် စုဝေး၍ အပျိုးကြီး၊ လူပျိုကြီးများက ဦးဆောင်ကာ ဘိသိက်သွန်းလေ့ရှိကြသည်။ ဘိသိက်သွန်းခြင်းမှာ အပျို၊ လူပျိုအဖွဲ့ စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်း တမျိုးပင်ဖြစ်ပေသည်။

ထိုအချိန်အခါမှစ၍ ရပ်ရွာအတွင်းရှိ အပျို၊ လူပျိုများမှာ အစည်းအရုံးတွင် သဘောမျိုးဖြစ်သွားပြီး သာရေး၊ နာရေး ကိစ္စပေါ်လျှင် စုပေါင်းလုပ်ကိုင်လေ့ရှိကြသည်။ ဥပမာ အပျိုများက လက်ဖက်ရည်အိုးလှူလျှင် လူပျိုများက ပန်းကန်များလှူကြသည်။ အပျို၊ လူပျိုများ စုပေါင်း ကောင်းမှုဖြစ်သည့် အပျို၊ လူပျို ဘုရားကို ယခုတိုင် ယခုတိုင် ဇယန်းကြီးရွာ တောင်ကုန်းပေါ်တါင် တွေ့နိုင်ပေသည်။
အပျို၊ လူပျို ဘိသိက်သွန်းသည့်စံနစ်ကို ယခုအခါ အချို့က ဖျက်လိုကြပေသည်။ သို့သော် လုံးဝ မအောင်မြင်သေးပေ။ အပျို၊ လူပျိုများကို အသင်းသဘောမျိုး စုပေါင်းဖွဲ့စည်းထားခြင်းဖြင့် စည်းရုံးမှု အလိုအလျောက် ရရှိလာနိုင်ပေသည်။ အချင်းချင်းလည်း စည်းစောင့်ကြသည့်အတွက် ပြောပလောက်သည့် မှားယွင်းမှုမျိုး မတွေ့ရပေ။
မယ်တို့ပလောင်စာအုပ်မှ ကိုးကားပြီး ရေးသားထားပါသည်။
လူပျိုလှည့်ရသောည
ပလောင်လူမျိုးတို့သည် များသောအားဖြင့် ခေတ်မှီသော စာပေစာယူ စနစ် ကျင့်သုံးခြင်း အလွန်နည်းပါးသည်။ လူပျိုများသည် အပျိုအိမ်တွင် လွတ်လွတ်လပ်လပ် အိမ်ပေါ်တက်၍ စကားပြောခွင့်ရှိပါသည်။ မိဘများသည် နားလည်မှု ပေးပြီး အချိန်အစောကြီး အိပ်လေ့ရှိပြီး ရှောင်ပေးထားပါသည်။

တခါတလေ လူပျို (၃-၅)ယောက် အထိ အပျိုအိမ်ကို လာရောက်ခွင့်ရှိပါသည်။ ပထမဦးဆုံးရောက်ရှိလာသော လူပျိုသည် အပျိုမလေးနှင့် ပထမ ဦးဆုံးစကား ပြောပိုင်ခွင့်ရှိပါသည်။ အစဉ်လိုက်အတိုင်း စကားပြောရပါတယ်။ တချို့သော လူပျိုများသည် တခြားသော လူပျိုကို ငဲ့တဲ့အနေနဲ့ နာရီပိုင်းအနည်းငယ်သား စကားပြောပြီး ထပြန်သွားတတ်သည်။ တချို့သော လူပျိုသည် ညစ်ပတ်ပြီး ကိုယ့်သူငယ်ချင်းကို အလှည့်မပေးချင်၍ သူတစ်ယောက်ထဲ အချိန်အကြာကြီး ထိုင်ပြောလေ့ရှိပါသည်။
စကားပြောသည့်အခါတွင် အပျိုများက တခါတလေ ညနေစား မစားသေးဘဲ လူပျိုများက ရောက်ချတတ်ပါသည်။ အဖိတ်၊ ဥပုဒ်နေ့ညဆိုလျှင် အချိန်ကို ပို၍ ထိုင်ပြောလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် အဖိတ်၊ ဥပုဒ်တွငှ် အလုပ်နားလေ့ရှိပါသည်။ မိုးလင်းပေါက်အထိ ထိုင်တတ်ပါသည်။ တချို့သော အပျိုလေးများသည် မနက်မိုးလင်း တာနဲ့ မအိပ်ဘဲ ထမင်းဟင်း တခါထဲ ချက်ထားပါသည်။
တချို့သော မိဘများသည် သားသမီးကို နားလည်ပြီး ဘာမှ မပြောဘဲ စကား ကောင်းကောင်း မွန်မွန်ပေး ပြောပါသည်။ တချို့သော မိဘများသည် လူပျိုကို သိပ်ပြီး သဘောမကျဘူးဆိုရင် လုံးဝ မရှောင်ပေးပေ။ သမီးမိန်းကလေးနှင့်အတူ လူပျိုနှင့် ၀ိုင်းဖွဲ့၍ စကားထိုင်ပြောပါသည်။
စကားပြောသည့်နေရာတွင် ပလောင်အိမ်သည် မီးပုံဝိုင်းတခု အိမ်တိုင်းလိုလို ရှိထားပါသည်။ မီးပုံဝိုင်းတွင် ထိုင်ပြီး စကားပြောရပါသည်။ ချောင်ကြို ချောင်ကြားတွင် စကားပြောခွင့်မရှိပေ။ စကားပြောရင် အခါရည်ကြမ်းကို သောက်တတ်သလို တခါတလေ ကွမ်း၊ဆေးစားတတ်သော အမျိုးသားရှိလျှင် ကွမ်း၊ဆေးနှင့် ဧည့်ခံထားပါသည်။
လူပျိုလှည့်နည်းမှာ တနေရာနှင့် တနေရာ မတူကြပေ။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ကျော်တုန်းကဆိုရင် လူပျိုများက (၄-၅)ယောက်လာပြီးဆိုလျှင် တချို့သော လူပျိုများက အကျင့်ပုတ်ပြီး အပျိုအိမ် လှေကား (သို့) ပစ္စည်းတခုခု ယူသွားလေ့ရှိပါသည်။ မိဘများက တောင်းပန်ပြီး ပစ္စည်းကို သွားယူရပါသည်။ အပေါက်နှင့် စကားပြောဓလေ့လည်းရှိပါသည်။ အခုတော့ အပေါက်နှင့် စကားပြောသော ဓလေ့တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားပါသည်။

သတို့သမီးခိုးယူနည်း
နှစ်ဘက်မိဘ မည်မျှပင် သဘောကျစေကာမူ၊ မင်္ဂလာမဆောင်မီ သတို့သမီးကို သတို့သားက ပဌမ ခိုးယူရသော ထုံစံရှိသည်။ သတို့သမီး ခိုးယူနည်းမျာ သတို့သားကိုယ်တိုင်သွား၍ မခိုးရဘဲ၊ သတိုးသားနှင့် ခင်မင်ရင်းနှီးသူ ကာလသား၊ ကာလသမီး (၄-၅) ယောက်ျကို လွတ်ပြီး ခိုးယူရသည်။ သတို့သမီးသည် ချစ်သူ သတို့သားနောက်သို့ လိုက်ရန် အသင့်ဖြစ်သောအခါ မိဘများအား အသိပေးသည့်အနေဖြင့် ခြင်းကလေးတခုအတွင်း “တွယ်” ကွမ်းသီးတောင့် ကွမ်းစားဆေး (ဓါးလှီးဆေး) ရှားစေးနှင့် ကွမ်းသီးစိတ် အနည်းငယ်ကို ထည့်ပြီး မိဘ (သို့) အုပ်ထိန်းသူတဦးဦး အိပ်ရာမှ နိုးလျှင် ချက်ခြင်းတွေ့မြင်လောက်သည့် နေရာတွင် ချထားလေ့ရှိသည်။ ၄င်းခြင်းကလေးနှင့်အတူ မိဘနှစ်ပါးအား ကန်တော့ပန်းအဖြစ် ပန်းတမျိုးမျိုးနှင့် သတို့သား၏ အင်အားအလျောက် မိဘကို ကန်တော့ကြေးငွေအဖြစ် ပူးတွဲချထားလေ့ရှိကြပါသည်။ ထိုသို့ချထားပြီး လာရောက်ခိုးသူကာလသား ကာလသမီးနှင့် သတို့အိမ်သို့ လိုက်သွားရရိုး ထုံစံရှိပေသည်။(ပလောင်ကျေးလက်ဒေသ၌ အပျိုတိုင်းလိုလို ခြင်းကြားငယ်ကလေးများကို ဆောင်ထားလေ့ရှိကြသည်။ ၄င်းခြင်းကလေးများကို မြက်တမျိုးဖြင်ည နေ့ကောင်းရက်သာတွင် ရက်လုပ်လေ့ရှိသည်။ အရွယ်မှာ လက်သန်းခန့် ရှည်းလျားလျားဖြစ်သည်။)
သတို့သမီး ရောက်လာသော်လည်း သတို့သားက ဆိုင်ရုံသာဆိုင်ပြီး မပိုင်သေးပေ။ သတို့သမီးက ခိုးပေးသူ အပျိုဖော်များနှင့်အတူ အခန်းတခန်းမှာ အိပ်ရပြီး သတို့သားက ခိုးပေးသူ လူပျိုပေးများနှင့်အတူ အပြင်ခန်းမျ အိပ်ရသည်။ သတို့သမီး လူကြီးမိဘများ အိပ်ရာမှ နိုးသောအခါ၊ ခြင်းကြားရှည်ကလေးနှင့် ပန်း၊ ငွေတို့ကို တွေ့မြင်လျှင် မိမိတို့သမီး ချစ်သူနောက် လိုက်သွားကြောင်းကိုသိကြသည်။
အကယ်၍ ၄င်းပစ္စည်းများ မတွေ့လျှင် မိမိတို့သမီးအား မသူတော် အဓမ္မသား လူဆိုးများခေါ်ဆောင်သွားလေမည်လား (သို့) တောရဲကျားသစ်များ ချီဆောင်သွားလေသလားဟု စိုးရိမ်မကာင်းဖြစ်ကာ ဆိုင်ရာ အကြီးအကဲတို့ကို တိုင်ကြားခြင်းပြုကြသည် ဆိုင်ရာတို့ကလည်းလူပျောက်ကို ရှာဖွေကြရသည်။
သတိုသားအိမ်တွင် လူပျို၊ အပျိုတို့ ပျော်ပျော်ပါးပါးနှင့် စုရုံးစားသောက်နေကြသည်မှာ အလှူကလေး သဖွယ်ဖြစ်နေ၏။ သတို့သားနှင့် သတိုးသမီးတို့အား အုပ်ထိန်းသူ လူကြီးမိဘများ စုံရာရှေ့တွင် လက်ထပ်ထိမ်းမြာ်းပေးမှု မရှိသေးသောကြောင့် မြင်ရုံသာမြင်ရ မကြင်ရတဲ့ဘ၀နှင့်ပင် နေရသေးသည်။
သတို့သမီး မိဘများက တရက်၊ နှစ်ရက်ကြာသောအခါ သတို့သမီးကို ပြန်၍ခေါ်သွားကြသည်။ သတို့သားဘက်မှ အဖော်များကလည်း ဒုတိယကြိမ် ပြန်၍ ခိုးယူရပြန်သည်။ သတို့သမီးဘက်ကလည်း တရက်၊ နှစ်ရက်ကြာလျှင် ပြန်ခေါ်ကြပြန်သည်။ သတို့သားဘက်ကလည်း တတိယအကြိမ် ပြန်ခိုးယူရပြန်သည်။ ဒုတိယ၊ တတိယ ခိုးယူသောအကြိမ်များ၌ ခြင်းကြားရှည်ကလေးနှင့် ပန်း၊ ငွေတို့ကို မထားရတော့ပေ။သတို့သမီးဘက်က အကြိမ်ကြိမ်ပြန်ခေါ်ယူကြသည်မှာ သတို့သားနှင့် သဘောမတူ၍ မဟုတ်ပေ။ မိမိတို့သမီးကလေးကို ချစ်လွန်းလှ၍ အိမ်ထောင်မပြုစေလိုသေးသော သဘောရသည်ဟု အယူအကြသည်။ ဤဓလေ့ထုံးတမ်းမှာ မြို့ကြီးအရပ်ကြီးများ၌ ပပျောက်လုနီးပြီးဟု ဆိုကြသည်။သုံးကြိမ်လောက် အပြန်လှန်ခိုးယူပြီးမှ “ တာကျိုက်” မင်္ဂလာဆောင်အခမ်းအနားခေါင်းဆောင်လုပ်သူကို သတို့သမီးကလေး မိဘများထံလွတ်ပြီး မင်္ဂလာဆောင်နှင်းရန် ကိစ္စ စီမံကြရသည်။ သတို့သမီး မိဘများက သတို့သား အဆင့်အတန်း၊ မျိုးရိုး၊ ဂုဏ်သိက္ခာ၊ အခြေအနေကို ကြည့်ပြီး သင့်တော်သော ခန်းဝင်ပစ္စည်းများကို တင်စေသည်။
တန်ဆောင်မုန်းလ၊ တပို့တွဲလ၊ တပေါင်းလ၊ နယုန်လ၊ လေးလကိုသာ လက်ထပ် မင်္ဂလာဆောင်ပြုကောင်းသော လအဖြစ်သတ်မှတ်ထားကြသည်။ ကျန် ၈ လကို ရှောင်ကြဉ်ကြသည်။ သို့သော် အရေးကြီးသလို၊ အကြောင်းပေါ်လောသ်ာလ လောကီပညာ ကျွမ်းကျင်သော ပုဂ္ဂိုလ်များက အသေးစိတ် နေ့ကောင်းရက်သာ အချိန် မင်္ဂလာကို စီစစ်ရွေးထုတ်ကာ လက်ထပ်ပေးတတ်ကြပေသည်။
မယ်တို့ပလောင်စာအုပ်မှ ကိုးကားပြီး ရေးသားထားပါသည်။

ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားချိန်
ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ဖြစ်လျှင် ရှောင်ရမည့် အချက်ရှိပါသည်။ အ၀င်ထွက် တခါးပေါက်တွင် လုံးဝ မထိုင်ရပါ။ အလေးပင် မသယ်ရ။ များသောအားဖြင့် သူများနိုင်ငံက မီးမဖွားမီ (၃)လအတွင်း ဦးနှောက်ကို အနားပေး၊ ကိုယ်ဝန်ကို စောင့်ရှောက်ဖို့အတွက် ခွင့်(၃)လ ယူထားပါသည်။သို့သော် ပလောင်လူမျိုးများသည် များသောအားဖြင့် မမွေးမချင်း အလုပ်ကို ပင်ပင်ပန်းပန်း အလုပ်လုပ်ရပါသည်။မီးဖွားပြီးတဲ့အချိန်ဆိုရင် များသောအားဖြင့် ပလောင်ဒေသတွင် အရပ်လက်သည်နှင့် မီးဖွားးရပါသည်။ မြို့နှင့်နီးကပ်ပြီး စီးပွါးရေးအဆင်ပြေသော မိသားစုလောက်တွင် ဆေးရုံးသို့ သွားဖွားပါသည်။ တချို့သော အမျိုးသမီးသည် မီးဖွားခါးနီးတွင် အလုပ်သွားလုပ်၍ တောင်ယာ၊ လက်ဖက်ခြံတို့ ကလေးမွေးလိုက်ပါသည်။ မီးဖွားသည့် အချိန်တွင် ကလေးနှင့်ယောက်ျားလေး လုံးဝ ၀င်ကြည့်ခွင့်မရှိပေ။ ပလောင်အိမ်တွင် များသောအားဖြင့် မီးတွင်းဝိုင်းရှိပါသည်။ မီးဖွားသည့် အမျိုးသမီးတယောက်ဖြစ်လျှင် ပူသောအရာသီဖြစ်ဖြစ် မီးတွင်းနား ၄၅ရက် အထိ နေပေးရပါသည်။ (၇) မပြည့်မချင်း တခြားသော ဆွေမျိုးအိမ်သို့ သွားလည်ခွင့်မရှိပါ။ တချို့ အဆင်မပြေသော မိသားစုသည် မီးဖွားပြီး ၁၅-၂၀ရက်တွင် မီးတွင်းမှ ထွက်၍ အလုပ်လုပ်ရသည်။ မီးဖွားပေးသော အရပ်လက်သည်ကို လက်ဆေးခ စေနာရှိသလောက် ပိုက်ဆံထည့်ပြီး ကင်းပွန်ရည်နှင့် ဆပ်ပြာမွှေးကို ပူဇော်ပေးလေ့ရှိပါသည်။ http://www.palaungwomen.com/ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် စာအုပ်မှ ကောက်နုတ်ရေးသားထားသည်။

[hide]
v • d • e
မြန်မာ အစိုးရသတ်မှတ်သည့် လူမျိုးနှင့် တိုင်းရင်းသားများ


ကချင်
ကချင် - တရုမ်း - ဒလောင် - ဂျိမ်းဖောလူမျိုး(သိန်းပေါ်၊ ဂျင်းဖော) - လော်ဝေါ်(မရူလူမျိုး) -ရဝမ်လူမျိုး- လာချိဒ်- လီဆူလူမျိုး- ဇိုင်ဝါး- ဂေါ်ရစ် - ခါ့ခူးလူမျိုး - ဒုရင် - လရှီလူမျိုး - အဇီး


ကယား
ကယား(သို့)ကယန်း - ဇယိန်လူမျိုး - ပဒေါင်လူမျိုး - ဂေခို - ဂေဘား - ပရဲလူမျိုး - မနူမနော် - ယင်းတလဲ - ယင်းဗော်လူမျိုး


ကရင်
ကရင် - ကရင်ဖြူ - ပလေကီး (ပလေချီ) - မွန်ကရင် - စကောကရင် - တလှေပွာ - ပကူး - ဘွဲ - မောနေပွား - မိုးပွ - ပိုးကရင်


ချင်း
ချင်း - ကသည်း - မယ်တိုင် (ကသဲ) - ဆလိုင်း - ကလင်ကော (လူရှေ) - ခမီ - အောဝခမီ - ခေါနိုး - ခေါင်စို - ခေါင်ဆိုင်ချင်း - ခွာဆင်းမ် - ခွန်လီ (ဆင်မ်) - ဂန်တဲ့ (လင်တဲ) - ဂွေးတဲ - ငွန်း - ဆီစာန် - ဆင်တန် - ဆိုင်းဇန် - အရှိုချင်း - ချိုး - ခမီ - လိုင်မီး - - ဇိုမီး - မီဇိုး - ဇာဟောင် - ဆိုင်းတန်လူမျိုး - ဇိုဖေ - ဇို - ဇန်ညှပ် - တပေါင် - တီးတိန် (တဲဒင်မ်) - တေဇန် - တိုင်ချွန်း - တာ့ဒိုး - တောရ် - ဒင်မ် - ဒိုင်လူမျိုး - နာဂ - မာရင် - ပနမ်း - Magun - မတူ - မီရမ် (မရာ) - မီအဲ - မကန်း - လူရလူမျိုး၊လူရှိုင်း (လူရှေ) - လေးမြို - လျင်းတု - လောက်ထူ - လိုင် - လိုင်ဇို - ပါကင်းမ် - ဟွာလ်ငို - အနူး - အနန် - အူပူ (မရို) - လျင်းတု - အရှိုချင်း - ရောင်ထု


ဗမာ
ဗမာ - ထားဝယ် - မြိတ် - ယော - ရဘိန်း - ကတူး - ကနန်း - ဆလုံလူမျိုး - ဖွန်း (ဖုန်း)


မွန်
မွန် လူမျိုး


ရခိုင်
ရခိုင် - ကမန် - ခါမီ - ဒိုင်းနက် - မြို - သက်


ရှမ်း
ရှမ်း - ဓနောလူမျိုး - ဓနုလူမျိုး - အိုက်ဆွယ် - အင် - ဂုံလူမျိုး(ခွန်) - အင်းသား - ကော် (အခါအိကော) - ခန်တီးရှမ်း - ခမူ - ကိုးကန့် - ကွီ - လားဟူ - မိုင်းသာ - မြောင်ဇီး - မောရှမ်း - ပလောင် - ပလေး - ပအိုဝ်း(တောင်သူ) - ဖျင် - ရှမ်းကလေး - ရှမ်းကြီး - မုံလူမျိုး - တိုင်းလွယ် - တိုင်းလျမ် - တိုင်းလုံ - တိုင်းလေ့ - တောင်ရိုး - ဝ - ယောင် - ယင်ကျား - ယင်းနက်လူမျိုး - ယွန် ။
မှတ်ချက်။ ။ မူရင်း "http://wikimyanmar.co.cc/wiki/index.php?title=%E1%80%95%E1%80%B1%E1%80%9C%E1%80%AC%E1%80%84%E1%80%B9" မှ ထပ်ဆင့်ကူးယူ၍ တင်ပြပါသည်။

No comments: