လူတစ်မျိုး၏ ယဉ်ကျေးမှု၊ဓလေ့ထုံးစံများကိုလူတစ်မျိုးကသိဖို့လိုပါသည်။သိထားလျှင်၊ကျူးကျော်မှားယွင်းမှုများမဖြစ်နိုင်ဘဲ၊ကူးလူးဆက်ဆံမှုလွယ်ကူ၍ ချစ်ကြည်ရေး တည်မြဲနိုင်ပါသည်။(စာရေးဆရာဒဂုဏ်နတ်ရှင်)ရှမ်းပြည်ကြေးမုံစာအုပ်မှ

Popular Posts

တအာင်းဘာသာတရားတော်


MusicPlaylistRingtones
Create a playlist at MixPod.com

Thursday, September 23, 2010

ကိုယ်ပွား လူဝင်စားများ
"လူသားများ အိုမင်းလာသော် ခန္ဓာမသေ ဇီဝိန်မခြွေသေးဘဲ သူ၏ ပဋိသန္ဓေ၀ိညာဉ်က ခန္ဓာသစ်သို့ကပ်ပြီး ၀င်စွဲ၍ လူသားအဖြစ် မွေးဖွားလာလေကြောင်း၊ အဘိုးအိုက သူ၏ ပဋိသန္ဓေ၀ိညာဉ် ၀င်စားခဲ့သော လူသားကလေးကို ချီပွေ့ထိန်းကျောင်းလ ပေးလျက်ရှိကြောင်း၊ မသေသေးသူ သက်ကြီးရွယ်အိုများက လူဝင်စား၍ ပဋိသန္ဓေ လူသားအဖြစ် ပြန်ဖြစ်လျက်ရှိကြောင်း..." တို့ကို အများအားဖြင့် လက်ခံယုံကြည်သူတွေ များစွာ ရှိပါသည်။ ဤအဖြစ်မျိုးကို "သုတ္တန်ဒေသနာမှာ ဒီဘ၀မှာ လူမသေသေးသော်လည်း အကြောင်းကံဆိုက်လာရင် ပဋိသန္ဓေစိတ် ဖြစ်ပေါ်ပြီး လူသားကလေးအဖြစ် မွေးဖွားလာပါသည်" ဟု ပါရှိသည်။
ထို့ကြောင့် "အဘိုးအိုက သူဝင်စားခဲ့သော (ပဋိသန္ဓေ-မွေးဖွားပြီးသော) မြေးငယ်ကလေးကို ပြန်၍ ချီပွေ့ယုယ ထိန်းကျောင်းပေးပါသည်" ဟူ၍ တချို့ပညာရှင်များက ဆိုကြပါသည်။ ကျွန်တော် သိရှိသလောက်ကတော့ "ဘုရားဟော အဘိဓမ္မာ တရားတော်တွင် ကမ္မ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ထင်ရှားဖြစ်ပေါ်လာမှ စုတိစိတ်ကျ ခန္ဓာကိုယ် သေဆုံးချုပ်ငြိမ်းပြီး ပဋိသန္ဓေစိတ်လည်း ကာလမခြားဘဲ ဆက်စပ်လျက် ဖြစ်ပေါ်လာသည်၊ ဘ၀သစ် ခန္ဓာသစ် ဖြစ်ပေါ်လာသည်" ဟူ၍သာ ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ မနှံ့စပ် မကျွမ်းကျင်သေးသော ဉာဏ်ရှိနေသူ ကျွန်တော့်အား ကျမ်းဂန်အထောက်အထားများဖြင့် ဖြေကြားရှင်းလင်း ပေးပါရန်
ရိုသေလေးမြတ်စွာ အနူးအညွတ် လျှောက်ထားတင်ပြအပ်ပါသည်။ အဖြေကို ဓမ္မရံသီမဂ္ဂဇင်းတွင် ထည့်သွင်းပေးစေလိုပါသည်။
မောင်သိန်းဦး (ခေးနင်း) လားရှိုး-(ရှမ်း-မြောက်)
အထက်ပါမေးခွန်းစာသည် အောက်တိုဘာလ ၂၀၀၈-လောက်ကတည်းက ဓမ္မရံသီမဂ္ဂဇင်းတိုက်သို့ ရောက်ရှိပြီး စာရေးသူလက်ထဲသို့ ကူးလာသည်မှာလည်းကြာလှပေပြီ။ မဖြေဘဲထားမည်ဟုလည်း စိတ်ကူးမိပါသည်။ မေးခွန်းရှင်မောင်သိန်းဦးသည် ပြောပြလာသူ (တချို့ပညာရှင်) တို့ကို "သုတ္တန်ဒေသနာမှာ အကြောင်းဆိုက်လာလျှင် လူအိုကြီးက မသေသေးဘဲ လူကလေးအဖြစ် ပဋိသန္ဓေဖြစ်ကြောင်း" ဆိုလေရာ "ဘယ်သုတ္တန်နည်း"၊ "ဘယ်ကျမ်းမှာပါသည့် သုတ္တန်နည်း"၊ "ဘယ်သူ့အား ဟောပြထားသည့်သုတ္တန်နည်း"၊ "ထေရ၀ါဒပိဋကတ်လာ သုတ္တန်လား"၊ "မဟာယာန ပိဋကတ်ခေါ် ၀ိဘာသာကျမ်းများနှင့် ထွေထွေရာရာ ကျမ်းတွေထဲမှာပါသည့် သုတ္တန်လား" စသည်ဖြင့် စေ့စေ့စပ်စပ် ပြန်လည်မေးစစ်သင့်ပါသည်။
ထိုသို့ မေးသင့်သည်ကို မမေးသောကြောင့် အားမလိုအားမရ ဖြစ်မိပါသည်။ ဖြေဆိုရန်လည်းလက်တွန့်နေမိပါသည်။ သို့သော် မောင်သိန်းဦး၏စာထဲတွင် "ထိုသို့ ပဋိသန္ဓေစိတ် ဖြစ်ပေါ်ကြောင်းကို လက်ခံယုံကြည်သူတွေ များစွာရှိပါသည်" ဟူ၍လည်း ပါရှိနေပြန်သည်။ ထို့ကြောင့် ဖြေသင့်သောစာဟူ၍လည်း ယူဆရပြန်ပါသည်။ဤသို့ဖြင့် ဖြေရအံ့လော-မဖြေဘဲထားရအံ့လောဟူ၍ ထားနေလိုက်ရာ တစ်လနီးပါးမျှပင် ကြာသွားပါသည်။ လိုရင်းအဖြေချုပ်မှာ-မောင်သိန်းဦး သိထားသည့်အတိုင်းသာ အမှန်ဖြစ်သည်။ သုတ္တန်နှင် အဘိဓမ္မာတို့သည် အကျဉ်းနှင့်အကျယ်မျှသာ ကွာပါသည်။ အဘိဓမ္မာတွင် ခန္ဓာကိုယ်၌ ဖြစ်ပေါ်ချုပ်ပျက်သမျှ တရားစဉ်တို့ကို အပြည့်အစုံ၊ အကြွင်းအကျန်မရှိ သိမြင်လောက်အောင် စေ့စေ့စပ်စပ် ဟောပြထားပါသည်။ ရုပ်ရှင်ကားကြီး တစ်ခုလုံး ပြသထားခြင်းနှင့် တူ၏။ သုတ္တန်တွင်ကား တရားနာယူသူအနေဖြင့် သိမြင်နိုင်လောက်သည့် တကွက်ကောင်း တစ်ချက်ကောင်းတို့ကို အထူးပြု၍ ထင်ရှားအောင် ကောက်နှုတ်ဆွဲထုတ် ဟောပြထားသည်။ အကယ်ဒမီဆုရကွက်ကို ရွေးထုတ်ပြသခြင်းနှင့် တူ၏။ ထို့ကြောင့် အပြည့်အစုံဟောပြထားသည် အဘိဓမ္မာဒေသနာတို့တွင် မပါလျှင် မည်သည့်သုတ္တန်မှာမှ ပါနိုင်မည် မဟုတ်ပေ။ တချို့ပညာရှင်ဆိုသူတို့က မောင်သိန်းဦးနှင့် ယုံလွယ်သူများကို လိမ်နေကြသည်ဟူ၍သာ သိမှတ်ကြပါ။ နောင်အခါမှာ ပြောလာလျှင် ပြန်၍ မေးပါ။ ကျမ်းစာအုပ်ကိုပါ ပြခိုင်းပါ။ ၎င်းကပြလျှင် ကျမ်းအမည်၊ စာမျက်နှာနံပါတ်၊ သုတ်အမည် စသည်တို့ကို မိတ္တူကူး၍ဖြစ်စေ၊ ရေးကူး၍ဖြစ်စေ မဂ္ဂဇင်းတိုက်သို့ ပို့ပေးစေလိုပါသည်။ ဤကား လိုရင်းတည်း။မေးခွန်းရှင် မောင်သိန်းဦးက အထက်ပါအတိုင်း ဟောပြလာသူတို့ကို ပညာရှင်ဟူ၍ပင် ထင်ထားရှာသေးသည်။ မောင်သိန်းဦးထင်သည့်အတိုင်း ပညာရှင်များမဟုတ်ကြောင်းကို ဆက်လက် ရှင်းပြရပါဦးမည်။ ၎င်းတို့သည် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာအမည်ခံ သာသနာဖျက်ဂိုဏ်းကြီးထဲက ပိဋကတ်ဒေသနာတို့ကို ဖျက်ဆီးနေကြသူများသာလျှင် ဖြစ်ကြပါသည်။
၎င်းဂိုဏ်းကြီးကို တည်ထောင်သူမှာ ဓမ္မ၀ိဟာရီ ရှင်ဉာဏ-မိုးပြာ(အမည်ပေါင်း ၁၂-မျိုးခန့်ရှိသူ) ဖြစ်၍ ၁၉၈၃-ခုနှစ်မှာ စတင်တည်ထောင်သည်။ ယခုအခါ ဂိုဏ်းသက်တမ်း ၂၅-နှစ်ကျော် ရှိပြီဖြစ်၍ ဂိုဏ်းဝင်များနှင့်လက်ခံသူများလည်း များစွာရှိနေကြပြီ ဖြစ်ပါသည်။ ၎င်းဂိုဏ်းကြီးက ထုတ်ဝေထားသည့် ခွင့်ပြုချက်အမှတ် မပါသောစာအုပ်ပေါင်း ၆၀-ကျော်တို့တွင်လူ့အမြင့်ဆုံး ဂုဏ်ရည်သိက္ခာကို ပေးစွမ်းနိုင်သော အသိအမြင် (ဥတ္တရိမနုဿဓမ္မဒဿန) ရှေ့နောက်ဘ၀ အယူမှားများအကြောင်း သဲလွန်စများနှင့် ဦးနှောက်၏ မှားယွင်းဖောက်ပြန်မှုများ" (ဥတ္တရိမနုဿ ဓမ္မစာစဉ်-၂) ဟူ၍လည်းတစ်အုပ်ပါရှိသည်။
၎င်းစာအုပ်၏ (စာ-၃၇-၄၄) တို့၌ -
(၁) ၀င်စားမည့်သူ မသေဘဲ လူဝင်စားမှုမျိုး
(၂) လူတစ်ယောက်သေပြီး နှစ်ယောက်ဝင်စားမှုမျိုး
(၃) လူဝင်စား ကိုယ်ဝန်အဖြစ်ရောက်မှ ၀င်စားမည့်သူ သေမှုမျိုးဟု အစချီကာ
(၁) ဧရာဝတီမြစ်ရိုး ရွာတစ်ရွာမှ မိန်းမတစ်ယောက်အကြောင်း (လင်နောက်
လိုက်သွား။ ၎င်းကပင် ရွာထဲမှာ လူဝင်စားဖြစ်။ ၎င်းမိန်းမသည် လင်နှင့်အတူ အသက်ရှင်လျက် နေထိုင်ဆဲ။)
(၂) မြို့တစ်မြို့က ကျောင်းတစ်ကျောင်းနေ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးအကြောင်း (ဘွဲ့တော် ဦးဉာဏော။ သက်ရှိကျောင်းထိုင်။ တစ်နေ့တွင်၎င်းထံသို့ မိခင်နှင့်ကလေးငယ် ရောက်လာ။ ကလေးက 'သူဟာ အရင်ကဒီကျောင်းမှာ ကျောင်းထိုင်ဆရာတော်' ဟု ပြောပြ။ ဘွဲ့မေးတော့ ဦးဉာဏောဟု ဖြေ။ အသက်ရှင်လျက်ရှိသူက ၀င်စားသည်ဟူ၏။)
(၃) အင်္ဂလိပ်အစိုးရလက်ထက် ထီးလင်းမြို့ တောခေါင်းတစ်ယောက်အကြောင်း။ (ထင်းခုတ်သမားတွေက ဓားဖြင့်ဝိုင်းခုတ်တာခံရ။ မသေ။ ဆေးရုံရောက်။ အသက်ရှင်နေသူပင်။ ထီးလင်းမြို့မှာ ကလေးတစ်ယောက် မွေးလာ။ ဓားဒဏ်ရာတွေနှင့် မွေး။ ထိုကလေးက တောခေါင်းဝင်စားဟု ပြော။)
(၄) အင်္ဂလိပ်အပြေး ဂျပန်အ၀င်ခေတ်။ မြိုင်မြို့နယ်၊ ခေါင်းကွဲရွာ၌ဓားပြတိုက်ကြရာ ဓားပြဗိုလ် ကျဆုံး။ (အမျိုးသမီးတစ်ယောက်က ထိုအလောင်းကိုတွေ့။ ထိုအမျိုးသမီးက ကလေးမွေး။ ကလေးသည် 'သူကဓားပြဗိုလ်' ဟု ပြော။) စသည်ဖြင့် အများအပြား ပါရှိကြသည်။ ထို့ကြောင့် မောင်သိန်းဦး၏ ရေးစာပါ ပညာရှင်များဟူသည် အဆိုပါဂိုဏ်းဝင် မိစ္ဆာဒိဋ္ဌိက=အယူမှားရှိသူများသာ ဟူ၍ အတိအကျ ဖော်ပြလိုက်ရပါသည်။
၎င်းဂိုဏ်းကြီးက လက်ရှိပိဋကတ်တော်တို့နှင့် လက်ရှိသံဃာတော်တို့ကို ဖျက်ဆီးထားချက်များအရ ၎င်းတို့ကို စောဒနာထားကြသည့် စွဲဆိုချက်များ သက်ဆိုင်ရာသို့ ရောက်ရှိနေကြပြီ ဖြစ်ပါသည်။ စွဲဆိုချက် ပြုစုသူများတွင် ဤစာရေးသူလည်း အပါအ၀င်ဖြစ်၍ သိရခြင်းပင်တည်း။ တရားစစ် တရားမှန်တို့ကို ဖျက်ဆီးနေကြသူ (ပညာရှင်) များအတွက် အဖြေသစ်များနှင့် ရလဒ်သစ်များ ထွက်ပေါ်လာကြတော့မည်။
မောင်သိန်းဦးသိရှိထားတိုင်း မှန်ကန်ကြောင်းတို့ကိုလိုရင်းတိုကျဉ်းဖြေရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ အကျယ်သိလိုပါက သင်္ဂြိုဟ်ဘာသာဋီကာကျမ်း (၀ီထိမုတ်ပိုင်း) စသည်တို့မှာ ဖတ်ရှုနိုင်ပါသည်။ ပဋ္ဌာန်းအရကောက်ကျမ်း စသည်တို့မှာလည်း ဖတ်ရှုနိုင်ပါသည်။ တစ်ခေါက်မျှ၊ တစ်မျက်နှာမျှ ဖတ်ကြည့်ပြီး နားမလည်ဟုဆိုကာ မဖတ်ဘဲနေလျှင်တော့ မတတ်နိုင်ပါ။ ကြိုးစားဖတ်မှ နားလည်နိုင်မည်။ ရှေးဘ၀ဖြစ်စဉ် သံသရာတစ်ခွင်မှာ ဘုရားရှင်၏ တရားများကို နာကြားခွင့် အလွန်နည်းခဲ့ပါသည်။ အရပ်သူအရပ်သားတို့၏ စကားများကိုသာ ကြားနာခွင့် များခဲ့ပါသည်။ ထို့ကြောင့် အရပ်စကားများကို နားလည်လွယ်သကဲ့သို့ ဘုရား၏ စကားများကိုမူကား လွယ်လွယ်ဖြင့် နားလည်မည် မဟုတ်ပေ။ အကြားများကနားလည်မည်။ အကြားနည်းလေ၊အဖတ်နည်းလေ၊မသိလေ ဖြစ်မည်။
၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ ဓမ္မရတနာမဂ္ဂဇင်း

No comments: