( က )
ဒါယိကာမကြီး ဒေါ်အေးအေးမူက ၁၃၇၀- ခုနှစ်၊ တပို့တွဲလဆန်း (၅-၁၁) ထုတ် နာမည်ကျော်ဂျာနယ်၊ အတွဲ (၂၀)၊ အမှတ် (၃၉၉) ကို လာရောက်ပြီး ပြသပါသည်။
မြန်မာပြည်အထက်ပိုင်းကဏ္ဍ စာမျက်နှာ (၄) ကို ကြည့်လိုက်ရာ "သာသနာတော်ကို ပံ့ပိုးနေတဲ့ --------- သာသနာပြုအဖွဲ့" အမည်ရှိ ဆောင်းပါးကို ဓာတ်ပုံနှင့်တကွ တွေ့မြင်လိုက်ရပါသည်။ စိတ်ဝင်တစားရှိလှစွာ ချက်ချင်းပင် ဖတ်ကြည့်လိုက်မိပါသည်။
၎င်းဆောင်းပါးရေးသားသူ၏ လက်ရာတချို့ကို တိုက်ရိုက်ကူးယူ၍ ဖော်ပြလိုက်ပါဦးမည်။
၁။ ---------- သာသနာပြုအဖွဲ့ တည်ထောင်သူ ဆရာကြီးဟာ ၂၀၀၀-ပြည့်နှစ်ကစပြီး လူပုဂ္ဂိုလ် သာသနာပြုလုပ်ငန်းကို စတင်ခဲ့ပါတယ်။ တရားဟောခြင်း၊ တရားရှုမှတ်ရန် သင်ကြားပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သလို ဖိတ်ကြားထားတဲ့ နေရာများမှာလဲ လိုက်လံပို့ချပေးခဲ့ပါတယ်။
၂။ ဆရာကြီးဟာ အသက် ၂၅-နှစ် ၀န်းကျင်ကစလို့ သာသနာတော်ကို မြတ်နိုးပြီး သာသနာပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ "၀ိပဿနာအားထုတ်မယ်၊ သာသနာပြုနိုင်ရမယ်" လို့ သန္နိဋ္ဌာန်ချခဲ့ပါတယ်။
၃။ မိသားစုဝင်တွေ ရန်ကုန်ပြောင်းသွားတဲ့အခါ ---------- မြို့က နေအိမ်မှာ ၂၄-နာရီ တရားစခန်း စဖွင့်ခဲ့ပါတယ်။ ပ။ "ဒီလို -------- မြို့မှာ တရားအလုပ်တွေ လုပ်နေရင်းကနေ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် ရန်ကုန်မြို့ကို ပြောင်းခဲ့ပါတယ်" လို့ ဆရာကြီးက ဆိုပါတယ်။
၎။ "ဆရာတော်တွေနောက်ကိုလိုက် ၀တ်ဖြည့်ရင်း သာသနာတော်ကို လျှမ်းလျှမ်းတောက် ဖြစ်စေချင်လာတယ်။ အလွှာစုံကို ထိုးဖောက်ချင်လာတယ်။ ဒီလိုနဲ့ ဆရာတော်ကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ လူပုဂ္ဂိုလ်သာသနာပြု လုပ်ငန်းကို စခဲ့ပါတယ်" လို့ ဆရာကြီးက ဆိုပါတယ်။
၅။ "တရားဓမ္မတွေကို ပို့ချတာဟာ ၁၅-နှစ်၊ ၁၆-နှစ်လောက် စုဆောင်းထားတဲ့ တရားအဆီအနှစ်တွေကို နာယူသူတွေ တစ်ခဏအတွင်း နားလည်စေချင်လို့၊ မိမိငြိမ်းအေးသလို အများကိုလဲ ငြိမ်းအေးစေချင်လို့" လို့ ပြောပါတယ်။
၆။ ကျမ်းဘယ်လောက်တတ်လို့ တရားဟောလဲလို့ မေးရင် မတတ်ပါဘူးလို့ ဖြေရပါမယ်။ ဒါပေမဲ့ ဗုဒ္ဓစာပေကျမ်းဂန်တွေ၊ ဆရာတော်ဘုရားကြီးတွေ ရေးသားပြုစုထားတဲ့ စာပေကျမ်းဂန်တွေ၊ ဆုံးမစကားတွေ အတော်များများကို ဖတ်မှတ်သိရှိထားတယ်။
၇။ ဆရာကြီးနဲ့ ---------- သာသနာပြုအဖွဲ့ အထူးယောဂီတွေဟာ အ၀တ်ဖြူဝတ်ပြီး ဆံပယ်ကြပါတယ်။ ၂၂၇-ပါးသော သိက္ခာပုဒ်ကို စောင့်ထိန်းကြပါတယ်။ "ဆံပယ်တာ၊ အ၀တ်ဖြူဝတ်တာဟာ ထေရ၀ါဒ ဗုဒ္ဓသာသနာမှာ ဘုရားရှင်ခွင့်ပြုထားတဲ့ သူတော်ကောင်းဝတ်စုံ ဖြစ်တဲ့အတွက် မှော်ဘီရွှေကျင် သာသနာ့ဝန်ဆောင်ဆရာတော်ကြီးက ခွင့်ပြုထားတယ်" လို့ ဆရာကြီးက ဆိုပါတယ်။ သာသနာပြုခွင့်ဆိုတာ လူတိုင်း မရနိုင်ပါဘူး။ ပ။ ဆရာကြီးက "သူ့အနေနဲ့ ရဟန်းဝတ်ဖို့ ထိုက်တန်ပြီလို့ ယုံကြည်လာတဲ့အခါ ရဟန်းဝတ်နဲ့
ဆက်လက် သာသနာပြုသွားမယ်" လို့ ဆိုပါတယ်။
ဓာတ်ပုံ။ ။ ဓာတ်ပုံမှာ ပိတ်ဖြူကို သင်္ကန်းပုံနှင့် လုံးဝ ပုံတူဝတ်ဆင်ထားပါသည်။
( ခ )
အထက်ပါစာများနှင့် ဓာတ်ပုံကြီးကို ဖူးတွေ့လိုက်ရစဉ် ကဗျာကလေးတစ်ပိုဒ် ပေါ်ထွက်လာပါသည်။ မဟာသုတကာရီ မဃဒေ၀လင်္ကာ သစ်ထဲက ဖြစ်ဟန်ရှိပါသည်။ စာရေးသူသည် ကဗျာရေးနည်း၊ ကဗျာအမျိုးအစား၊ ကဗျာအလှ စသည်တို့ကို လေ့လာထားသူ ဖြစ်သော်လည်း ကဗျာအရအမိ တော်တော်နည်းပါးသူ ဖြစ်ပါသည်။ ထို့ကြောင့် တိတိကျကျ မသိပါသော်လည်း စိတ်ထဲပေါ်လာသည့်အတိုင်း အောက်မှာ ရေးသားဖော်ပြလိုက်ပါသည်။
လူသော် လူကျင့်၊ လူသာ သင့်၏
ရှင်နှင့် မလျော်
ရှင်သော် ရှင်ကျင့်၊ ရှင်သာ သင့်၏
လူနှင့် မရာ၊ မအပ်စွာတည်း။
အကြင်ပုဂ္ဂိုလ်သည် လူဖြစ်ငြားအံ့။ ဤသို့ လူဖြစ်သည်ရှိသော် လူတို့ ကျင့်အပ်ကုန်သော သုစရိုက် ၁၀-ပါး (ကုသိုလ်ကမ္မပထ ၁၀-ပါး)၊ ယင်းဆယ်ပါးထဲက သမထဘာဝနာ၏ အကျိုးတရားဖြစ်သော ဈာန်တရား၊ ယင်းဆယ်ပါးထဲက ၀ိပဿနာဘာဝနာ၏ အကျိုးတရားဖြစ်သော မဂ်တရားတို့ကို အဆင့်ဆင့် ပြည့်စုံအောင် ကျင့်သင့်၏။ လူကျင့်တရား ၁၀-ပါးတို့တွင် ပါဝင်သော တရားတို့ကို ရဟန်းတို့သည်လည်း ကျင့်သင့်ပါသည်။ သို့သော် ရဟန်းအသွင်နှင့် ဆန့်ကျင်အောင် ပြုမူ၍ ကျင့်သော်ကား မကျင့်ကောင်းပါ။ မလျော်ပါ။ ဥပမာအားဖြင့် ရဟန်းက လူအား လှူဖွယ်ပစ္စည်း ဆက်ကပ်မှုပြုခြင်း၊ လူတို့ကဲ့သို့ အခြားရဟန်း စသည်ထံမှ ငါးပါးသီလ ခံယူမှုပြုခြင်း စသည်တို့ပင်တည်း။
အကြင်ပုဂ္ဂိုလ်သည် ရှင်ရဟန်းဖြစ်ငြားအံ့။ ဤသို့ ရှင်ရဟန်းဖြစ်သည်ရှိသော် ရှင်တို့ ကျင့်အပ်ကုန်သော ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယခုနစ်ဆယ့်ငါးပါး၊ ၀တ်ကြီးဝတ်ငယ် တစ်ဆယ့်လေးပါး၊ ပစ္စဝေက္ခဏာလေးပါးတို့ကို ပြည့်စုံအောင် ကျင့်သင့်၏။ ရဟန်းတို့ ကျင့်အပ်ကုန်သော ၂၂၇-ပါးကုန်သော သိက္ခာပုဒ်တို့ကို ပြည့်စုံအောင် ကျင့်သင့်၏။
ထိုသို့ကျင့်သင့်ရာတွင် ရှင်သာမဏေတို့သည်လည်း ရဟန်းကျင့်ဝတ် ၂၂၇-ပါးတို့ကို တတ်နိုင်သမျှ လိုက်နာ၍ ကျင့်ကောင်း၏။ သို့သော် ရဟန်းကျင့်ဝတ်တို့ကို သိက္ခာပုဒ်တော်အတိုင်း လိုက်နာ၍ ကျင့်နေပါ၏-ဟူ၍တော့ ရှင်သာမဏေတို့က ထုတ်ဖော်၍ ၀န်မခံကောင်းပါ။ မကြေညာကောင်းပါ။ မသင့်လျော်ပါ။
ရဟန်းတို့သည်လည်း ရှင်ကျင့်ဝတ်တို့ကို လိုက်နာ၍ ကျင့်ကောင်း၏။ သို့သော် ရှင်ကျင့်ဝတ် (လိင်ဆယ်ပါး) တို့ကို သိက္ခာပုဒ်တော်အတိုင်း လိုက်နာ၍ ကျင့်နေပါ၏ဟူ၍တော့ ရဟန်းတို့က ထုတ်ဖော်ဝန်ခံ၍ မကြေညာကောင်းပါ။ မလျော်ပါ။
ဤသို့လျှင် ရှင်နှင့်ရဟန်းတို့သည်ပင် ရဟန်းက ရှင်ကျင့်ဝတ်၊ ရှင်က ရဟန်းကျင့်ဝတ်တို့ကို ကျင့်နေပါ၏ဟု ၀န်မခံကောင်းဟု ဆိုချေသော် - သံဃာ့အဖွဲ့အစည်းဝင် သံဃာ့ကံဆောင် သံဃာဇာတ်ရှိသူ ရဟန်းတို့ ကျင့်အပ်ကုန်သော ၂၂၇-ကုန်သော သိက္ခာပုဒ်တို့ကို လူပုဂ္ဂိုလ်တို့က လိုက်နာ၍ ကျင့်နေပါ၏-ဟု ထုတ်ဖော်ကြေညာ၍ ၀န်ခံခြင်းသည် `လူနှင့်မရာ မအပ်စွာတည်း´ ဟူ၍သာ ဆိုရမည်မုချ။ မှန်လှ၏။ သာသနာတော်မြတ်ကို ချမှတ်တည်ထောင်တော်မူသော မြတ်စွာဘုရားရှင်သည် မဟာကရုဏာဉာဏ်တော်၊ သဗ္ဗညုတာဉာဏ်တော် တို့ဖြင့် ပိုင်းခြားသတ်မှတ်တော်မူ၍ -
၁။ လူတို့အား လူတို့ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပညတ်တော်မူ၏။
၂။ ရှင်သာမဏေတို့အား ရှင်သာမဏေတို့ ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပညတ်တော်မူ၏။
၃။ ရဟန်းတို့အား ရဟန်းတို့ကျင့်အပ်ကုန်သော သိက္ခာပုဒ်တို့ကို သီးသန့် ပညတ်တော်မူ၏။
သို့ဖြစ်ပါလျက် အသာဓာရဏဉာဏ်ရှင် ဘုရားသခင်က ပညတ်တော်မူသည်ကို ကျော်၍ကျင့်လျှင် ဓမ္မမဟုတ်တော့ဘဲ အဓမ္မထဲသို့ ၀င်ရပါလိမ့်မည်။
ဤသည်ကား အထက်ပါ ကောက်နုတ်ချက်အမှတ် (၇) ထဲက`ဆရာကြီးနဲ့ --------- သာသနာပြုအဖွဲ့ အထူးယောဂီတွေဟာ ၂၂၇-ပါးသော သိက္ခာပုဒ်ကို စောင့်ထိန်းကြပါတယ်´ ဟူသော တစ်ချက်အတွက် သုံးသပ်ပြချက် ဖြစ်ပါသည်။
( ဂ )
ယခုအခါတွင် ကောက်နုတ်ချက် (၁) မှစ၍ အနည်းငယ်မျှ သုံးသပ်၍ ဖော်ပြပါဦးမည်။
အမှတ် (၁) အရ သာသနာပြုမှုတို့ကို ပြုလုပ်ခြင်းသည် ကောင်းပါသည်။ သို့သော် သာသနာပြုမှု လုပ်လိုသော် သာသနာပြုနိုင်သော သီလအစွမ်း၊ သမာဓိအစွမ်း၊ ပညာအစွမ်း၊ သိက္ခာအစွမ်း ရှိနေဖို့တော့ လိုပါသည်။ အစွမ်းမရှိဘဲလုပ်လျှင် သွားနိုင်စွမ်းမရှိသော ခြေထောက် (ခြေကျိုး)ဖြင့်လမ်းလျှောက်သူနှင့်သာ တူရာပေလိမ့်မည်။ ကျောက်တုံးကြီးကို မ-နိုင်စွမ်းမရှိသော မွေးကင်းစ သူငယ်ကလေးသည် ကျောက်တုံးကြီးကို မ-လျှင် (ကျောက်တုံးကြီးနှင့် အဖိခံရလျှင်) အဘယ်သို့ ရှိပေလိမ့်မည်နည်း။ အထက်တွင် ဖော်ပြခဲ့သည့် (ခ) ထဲပါ ၂၂၇-ပါး ကိစ္စသည် ပညာအစွမ်း မရှိသဖြင့် မသိ၍ မှားနေမှုဖြစ်ကြောင်း ထင်ရှားလှပါသည်။ သာသနဗြဟ္မစရိယ ချို့တဲ့ပုံပင်တည်း။
အမှတ် (၂) အရ သန္နိဋ္ဌာန်ချမှုများသည် ကောင်းပါသည်။ ချီးကျူးထိုက်ပါသည်။
အမှတ် (၃) အရ "တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင်" ဟူသော ရည်ရွယ်ချက်သည်လည်း ကောင်းလှပါသည်။ သို့သော် သာသနဗြဟ္မစရိယ မရှိဘဲ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် သာသနာပြုလိုက်လျှင် စဉ်းစားဝံ့စရာပင် မရှိပါ။ သာသနဗြဟ္မစရိယဆိုသည်မှာ သီလကို ကျင့်အပ်၏ဟု ဟောသည့် အရာ၊ သမာဓိကို ကျင့်အပ်၏ဟု ဟောသည့်နေရာ၊ ပညာကို ကျင့်အပ်၏ဟု ဟောသည့်နေရာ (ပါဠိတော်) တို့အားလျော်စွာ လိုက်နာ၍ ကျင့်သုံးနေထိုင်သူမှာမှ သာသနဗြဟ္မစရိယ ရှိသည်ဟု ဆိုရပါသည်။ ထိုသာသနဗြဟ္မစရိယ ပြည့်စုံလျက် အဆုံးသတ်အားဖြင့် မဂ္ဂဗြဟ္မစရိယဖြစ်လျှင် သာသနာမှုအားလုံး ပြီးပြည့်စုံမည် ဖြစ်ပါသည်။ သာသနာပြုကိစ္စ ပြီးပြည့်စုံပါသည်။
အမှတ် (၄) အရ ရည်ရွယ်ချက်နှစ်ခုသည်လည်း ကြီးကျယ် ခံ့ညားလှပါပေသည်။
အမှတ် (၅) ၌ နာယူသူတွေ တစ်ခဏအတွင်း နားလည်စေချင်သော်လည်း နားလည်နိုင်လောက်သော အစွမ်းအစပါရှိသူသာ နားလည်မည်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ဟောပြတော်မူသည်ကိုပင် နားမလည်နိုင်သူများ ရှိတတ်ကြပါသေးသည်။ ထို့ကြောင့် မဇ္ဈိမပဋိပဒါစေတနာ ရှိနေဖို့ လိုအပ်လှပါသည်။ စေတနာအတိုင်း ပညာက မမီလျှင် ဓမ္မမှ အဓမ္မသို့ လမ်းကြောင်း ပြောင်းသွားနိုင်ပါသည်။ ကာယကံရှင်တစ်ဦးတည်းသာ ထိုသို့ လမ်းကြောင်းပြောင်းသွားလျှင် အထူးမပြောလိုပါ။ အခြားသူများပါ ပြောင်းသွားကြပါမူကား သာသနာတော်သည်လည်း မသန့်ရှင်းတော့ဘဲ အညစ်အကြေးစွဲ ပရိသတ်များ တိုးပွားလာရပေလိမ့်မည်။ သာသနာတော် မတည်တံ့တော့ဘဲ ပြိုပျက်ကွယ်ပသွားဖွယ်ရာ ဖြစ်လာရပေလိမ့်မည်။ သာသနာတော် (သာသနဗြဟ္မစရိယ) မပြန့်ပွားတော့ဘဲဆုတ်ယုတ် သွားရပေလိမ့်မည်။ စေတနာပြစကားလုံးများသည် စေတနာဟန်ပြ စကားလုံး (အကြွားအ၀ါသက်သက်) များ မဖြစ်ထိုက်ကြပေ။ အမှတ် (၅) စကားစုထဲတွင် "မိမိ ငြိမ်းအေးသလို" ဟု ပါရှိရာ၌ ငြိမ်းအေးခြင်းသဘောသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်တတ်သည်ဖြစ်၍ အမျိုးမျိုးရှိပါသည်။ သာသနဗြဟ္မစရိယ တစ်ခုတည်းကြောင့် ငြိမ်းအေးမှသာ သာသနာတော်အရေးမှာ ချီးကျူးထိုက်ပါသည်။ ဤကိစ္စနှင့်ဆက်၍ ဆရာကြီးပြောထားသည့်စကားမှာ -"လောကုတ္တရာချမ်းသာကို နားမလည်သေးသူတွေက ပြီးပြည့်စုံခြင်းတွေကို မိမိခံယူချက်နှင့် တိုင်းတာပြီး လောကီချမ်းသာတွေကို ချမ်းသာအစစ်လို့ မှတ်ယူကြပါတယ်" ဟူ၍ ဖြစ်၏။ "ဆရာကြီးသည် လောကုတ္တရာချမ်းသာ (မဂ္ဂဗြဟ္မစရိယ) ကို နားလည်သူဖြစ်၏" ဟု ၀န်ခံရာရောက်ပါသည်။ (အမှတ် ၆-၊ အမှတ် ၇-တို့အတွက် သုံးသပ်ချက် ရေးပြဖွယ် မလိုတော့ပါပြီ။)
ထို့ကြောင့် လင်္ကာတိုကလေးဖြင့် ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ပါသည်။
ကျန ထင်ထင်၊ မသိမြင်ဘဲ
တိုင်းခွင် ပြည်လုံး၊ ပျံ့နှံ့ဖုံးအောင်
အားလုံး လူမြတ်၊ ဖြစ်စေအုပ်´ဟု
မြင့်မြတ်တရား၊ ဟောကျင့်ငြား
အမှားဖြစ်၍ ယုတ်တတ်သည်။
၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ ဓမ္မရံသီမဂ္ဂဇင်း
Popular Posts
-
A Note on the Palaungs of Hsipaw and Tawngpeng By C.C.Lowis, I.C.S Superintendent, Ethnographical Surve...
-
Ta'Ang Culture Day of Pome
-
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။ ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရ...
-
ရှေးသရောအခါက ပုဏ္ဏားတစ်ဦး ရှိပါသည်။ သူ ၏လယ်မှာ ကျေးအုပ်များ မကြာခဏ၀င်စားနေပါသည်။ စောင့်ဖမ်းဖို့  ပြင်ဆင်ပါသည် ။ သူ သတိထားမိသော အဲဒီ ထဲက ကျေ...
-
ထိုတောင်ပိုင်းစော်ဘွားကြီး ကိုသူမအား လက်ထပ်ရန် တောင်းဆိုခဲ့ပါသည်။ သို့သော်ငြားလည်း “ သူမ၏ရင်သားက အသက်ကြီးရင့်သည်ဟု” အရိပ်နိမိတ်ပြခဲ့သည်။ ...
-
ဓလေ့ ထုံးစံ ပလောင်လူမျိုးများသည် သူတို၏ အိမ်နားနီးချင်းဖြစ်သော ရှမ်းလူမျိုးများကိုအစားအသောက် ရိုးရာဓလေ့အလေ့အထနှင့်ဆိုင်သော အပြုအမူ နှ...
-
This summary is not available. Please click here to view the post.
-
Originally from the Shan State in Burma, approximately 2,000 people of the Palaung , or Da-ang tribe migrated from Burma to Thailand aro...
တအာင်းဘာသာတရားတော်
Create a playlist at MixPod.com
Monday, September 13, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment