ဆေးလွန်နာ
"ဘေသဇ္ဇသမုဋ္ဌိတော ၀ိယ ရောဂေါ အတေကိစ္ဆော ဟောတိ"
"ဆေးကြောင့်ဖြစ်သော အနာသည် ကုသ၍မရသကဲ့သို့"
(သမ္မော၊ ဋ္ဌ။ ၀ိသုဒ္ဓိ၊ ဋ္ဌ)
မျက်နှာ ချိုမြ၊ ၀င်းပပနှင့်
အလှ စုံလင်၊ နတ်ပုံသွင်နှင့်
မြင်သူတိုင်းက၊ ရှုမ၀လည်း
ခြေကြွ လှမ်းသော်၊ မြင် မတော်ဘူး။
ပျိုဖော်ဝင်စ၊ ငယ်ဘ၀၌
ဒုက္ခပွေကာ၊ မကျန်းမာ၍
ဆရာကို ပင့်၊ ဆေးမှားခွင့်ကြောင့်
လူနှင့် ခြေများ၊ နှစ်ကိုယ်ခြားသို့
သွေးသား လှည့်မျော၊ သွေးဆက်ကြောတို့
ထုံသောဘ၀၊ နုံအ-အ တည်း။
ရှေးရှေး ဆရာ၊ ဆေးလွန်နာကို
ဆရာနောက်လက်၊ အကုခက်၍
တစ်သက်လုံးစာ၊ လူဖြစ်နာသော်
မျက်နှာ ချိုမြ၊ ရှုမ၀လည်း
နှမ ပုံထား၊ လွန် သနားနှင့်
ယောက်ျားတကာ၊ နှုတ်ပိတ်ရှာပြီ...
ဘယ်ခါ ချစ်ပန်းပွင့်အံ့နည်း။
မစိုးရိမ်စာသင်သား
(၂၇.၁၁.၂၀၀၇)
No comments:
Post a Comment